
ထမင်းစားရသည်မှာကတော့ တော်တော်လေးကိုမြိန်လှသည်။ ရှိတာလေးနှင့် ကောင်းအောင် ချက်တတ်ကြသည်ဟု ဆိုရမည်။ စိတ်မကောင်းသည်ကတော့ ကျွန်တော်တို့ရောက်ချိန်မှာ ဝက်ဘယ်နှကောင် ပေါ်ဖြစ်သွားသည်လဲ မသိခြင်းဖြစ်သည်။ ဝက်သားက ထမင်းစားတိုင်း ပါနေ၍ ဖြစ်သည်။ အိမ်တွေမှာအလည်ခေါ်ရင် တော်တော်လေးမောရသည်။ အလည်ခေါ်သည့်အိမ်က တောင်ခြေမှာဆိုလျှင် ပြီးပြီပဲ။ အဆင်းတွင် ကိစ္စမရှိသော်လည်း ပြန်အတက်တွင် တော်တော်လေး ဟိုက်ရသည့်အဖြစ် ကြုံရသည်။
ရောက်ရောက်ချင်းနေ့က တော်တော်လေး အံ့သြစရာကောင်းရသည့်အဖြစ် ကြုံရသည်။ အဲသည်ကိစ္စကတော့ တစ်ရွာလုံး ချဲထိုးကြခြင်းဖြစ်သည်။ ချဲဖွင့်သည့်မနက်ဖြစ်သည့်အတွက်လည်းဖြစ်သည်။ အိပ်မက်စာအုပ်တွေဘာတွေနှင့် အတိတ်ကောက်ကာထိုးကြ ခြင်းဖြစ်သည်။ ချဲထိုးသည်မှာ တောတောင်ထဲအထိရောက်နေသည်က အံ့သြစရာကောင်းလောက်အောင်အပြစ်လွတ်နေကြသည်မှာ ဝမ်းနည်းဖို့ကောင်းလှသည်။
ဆရာဒေါက်တာသာဉာဏ်သည် ရွာများဖွံ့ဖြိုးတိုးတက်ရေးကို တော်တော်လေး အလေးပေးဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ကို လည်းတွေ့ရသည်။ ကျေးရွာမူလတန်းကျောင်း အတွက် နေ့ကလေးထိန်းကျောင်းလည်း ဆောက်ပေးနေပြီ ဖြစ်သည်။ စာကြည့်တိုက်မှာလည်း ဖွင့်နေပေးခဲ့သည်။ ထိုနေရာတစ်ဝိုက်တွင် စာကြည့်တိုက်များ ဖွင့်ပေးနေခြင်းလည်း ဖြစ်သည်။
ပိန္နဲပင်ကျေးရွာစာကြည့်တိုက်သည် ဆိုလာပြားနှင့်လျှပ်စစ်ရနေသည်။ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ကျွန်တော့်ကို အလှူခံနေသေးသည်။ စာကြည့်တိုက်မှာ စာအုပ်တွေ တော်တော်လေး ဖြည့်ပေးရဦးမည်လည်း ဖြစ်သည်။ ပိန္နဲပင်ရွာအပြင် တောင်နီရွာကိုလည်း သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည်။ တောင်နီရွာက အောင်ပန်းဘက်နှင့် နီးပြီး ပိန္နဲပင်ရွာက ကလောဘက်နှင့် နီးသည်။ ပိန္နဲပင်ရွာတွင် ဝိပဿနာ တရားစခန်း တစ်ခုလည်း ဖွင့်ထားနိုင်သည်ကို တွေ့ရသည်။ ၄င်းဝိပဿနာ စခန်းသည် တကယ့်ကို တောင်တန်းသာသနာပြုဟု ခေါ်ရမည်ဖြစ်သည်။ တကယ်တောင်ပေါ်တွင် တရားစခန်း ဖွင့်ပေးခြင်း ဖြစ်သည်။ နေရာမှာ အေးစိမ့်စိမ့်နှင့် နေလို့ထိုင်လို့ ကောင်းသည်။ တည်းခိုဆောင်များ တော်တော်လေး များနေပြီလည်း ဖြစ်သည်ကိုတွေ့ရသည်။ ဆုတောင်းပြည့် အောင်စေတီလည်း တည်ထားသည်ကိုလည်း တွေ့ရသည်။
ပိန္နဲပင်နှင့်တောင်နီသည် မူလက တစ်ရွာတည်း ဖြစ်သော်လည်း တောင်ယာလုပ်ဖို့ နေရာခွဲရင်း နှစ်ရွာ ကွဲသွားခြင်း ဖြစ်သည်ဟုလည်း သိရသည်။ တောင်နီရွာက အမေကြီးတစ်ယောက်က ကျွန်တော်တို့ကို လက်ဖက်ခြောက်များ လက်ဆောင် လာပေးသည်။ အများကြီးပေးချင်ပေမယ့် ဘုရားဖူးထွက်ဖို့ ပိုက်ဆံ စုနေသည့် အတွက် အခုလို နည်းနည်းလေးပဲ ပေးဖြစ်တာကို စိတ်မကောင်းဘူးလို့ ပြောလာတဲ့အခါမှာ ကျွန်တော်တို့မှာ လက်ထဲက (၅"+၉") အိတ်ကလေးနှင့် လက်ဖက်ခြောက်ထုတ် ကလေးများကို ချက်ချင်းပြန်ပေးရမှာလားလို့ မေးတော့ မဟုတ်ပါဘူး ဆိုတာကြောင့် ရယ်ခဲ့ရတဲ့ အဖြစ်ကလေး ကြုံခဲ့ရပါ တယ်။ အဲဒီရွာလေးတွေမှာ ကျောင်းဆရာမ လုပ်နေကြတဲ့ ဆရာမလေးတွေဟာ မြေပြန့်က ဆရာမလေးတွေကို တော်တော်များများ တွေ့ရပါတယ်။ ဆရာမလေးတွေဟာ သူတို့ရဲ့တပည့်လေးတွေ သံယောဇဉ်ဖြစ်ပြီး တော်တော်နှင့် မပြန်ဖြစ်ကြဘူး လို့လည်း သိရပါတယ်။ ဆရာမလေးတွေဟာ တကယ့်ကို ပီတိစားနေကြသည့် ဆရာမလေးတွေ ဖြစ်နေမည်ကိုလည်း တွေ့ရသည်။
တောင်နီရွာတွင်ဆေးကုပေးကြပြီး နေ့လယ်ပိုင်းတွင်အောင်ပန်းဈေးနေ့ဖြစ်တာကြောင့် အောင်ပန်းကို လူစုပြီးသွားဖြစ်ကြသည်။ အောင်ပန်းဈေးတွင်လုပ်စရာရှိတာလုပ်ကြတယ်။ အောင်ပန်းဈေးနေ့သည်လည်း တော်တော်လေးစည်သည်ကိုတွေ့ရသည်။ ဈေးတွင်းမှာ ပလောင်၊ ပအို့၊ရှမ်း၊တိုင်းရင်းသားလူမျိုးများဝတ်စုံနှင့် လူတော်တော် များ များကိုတွေ့ရသည်။ အောင်ပန်းမြို့က မြန်မာအများစု နေထိုင်ကြသည်ကိုလည်းတွေ့ရသည်။ ကလောအလွန် တစ်ဘူတာဆိုသည်က အောင်ပန်းဘူတာကိုပြောချင်သည်လား၊ ကလော မရောက်ခင် တစ်ဘူ တာကိုပြောချင်သည်လားဆိုသည်ကိုတွေးကြည့်ဖြစ်ခဲ့သည်။ အောင်ပန်းကနေ ပိန္နဲပင်ရွာကိုပြန်ပြီးအထုပ်အပိုး တွေသိမ်းပြီး ကလော မြို့ကိုပြန်ဖြစ်ခဲ့ကြသည်။ ကလောမြို့တွင် ညအိပ်ဖြစ်ခဲ့ကြသည်။ကလောမြို့က ဆရာမကြီးဒေါ်နှင်းနှင်းခိုင်တို့နေသည့် အိမ်သည် ဆရာဒေါက်တာသာဉာဏ်၏အိမ်ဖြစ်သည်ဟု သိရသည်။ ¤င်းအိမ်ကို ပလောင်လူမျိုးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထားပေးထားခြင်းဖြစ်သည်ဟုလည်း သိရသည်။ ယခုနှစ်တွင် ပလောင်ကလေး(၄)ဦးကို ရန်ကုန် YMCA မှာနေစေပြီး တက္ကသိုလ်ထားပေးထားသည်ဟုလည်းသိရသည်။ပလောင်လူမျိုးထဲမှာထူးချွန်သည့်ကလေးများကို အထူးစောင့်ရှောက်ပေး သည့်အပြင် ချိုင်းထောက်နှင့် ပလောင်ကလေးငယ်တစ်ဦးကိုလည်း ကျောင်းထားပေးထားသည်ဟု သိရသည်။ ကလောမြို့က အိမ်တွင် ဆရာဒေါက်တာသာဉာဏ်က သူ၏ငယ်ဘဝအကြောင်းများ ကျွန်တော့်ကို ပြောပြသည်မှာ ရှမ်းပြည်နယ်နှင့်ပတ်သက်၍ ဗဟုသုတရစရာများ အများကြီးရခဲ့ရသည်။
နောက်တစ်နေ့တွင် အင်းလေးကန်သို့ ဘုရားဖူးပို့ပေးသည့်အတွက် ဝမ်းသာခဲ့ရသည်။ အင်းလေးတွင် ပိုးထည်များ ချည်ထည်များ ရောင်းချနေသည်မှာ ပါးစပ်ထဲဖြစ်သည့် ဈေးနှင့်တချို့ဆိုင်များတွင် ရောင်းနေကြသည်မှာ တော်တော်လေး စိတ်ပျက်စရာကောင်း လှသည်။ နိုင်ငံခြားသားကို ဈေးတစ်မျိုး၊ ဒေသခံကို ဈေးတစ်မျိုး၊ ဒေသခံမဟုတ်သူကို ဈေးတစ်မျိုးနဲ့ ရောင်းနေကြခြင်းဖြစ်သည်။ ဈေးမှန်နှင့် ရောင်းလျှင် စီးပွားပျက်သွားကြမည်လား မပြောတတ်။ ညောင်ရွှေဟော်ကို သွားကြည့်တော့ တော်တော်လေးအံ့သြရသည်။ သမ္မတကြီးစပ်ရွှေသိုက် နေခဲ့ဖူးသည်ဟုလည်း သိရသည်။ အင်းလေးကန်သည် ရေကောချင်ချင် ဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ အင်းလေ ရေမကောစေရေး ဆည်မြောင်းက အလုပ်လုပ်နေသည် ကိုလည်း တွေ့ရသည်။ အင်းလေးကန်အတွင်းတွင် ကြောင်ခုန်ကျောင်း၊ အလိုပေါက်စေတီ၊ ဖောင်တော်ဦး ဘုရားပြဿဒ်ကိုလည်း ပြုပြင်လို့နေသည်။ အင်းလေးကန်ပတ်လည်တွင် ဟိုတယ်များ တော်တော်လေး တိုးပွားလို့ လာနေကြသည်ကိုလည်း တွေ့ခဲ့ရပေသည်။ အင်းလေးကန်တစ်ဖက်က ခေါင်တိုင်ရေပူစမ်းတွင် ရေပူစမ်း စိမ်ဖြစ်ခဲ့ကြသည်။ ခေါင်တိုင်ရေပူစမ်းကအပြန် ဘဝသံသရာတံတားကို နောက်ခံထား၍ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့ကြသည်။ ကလောတွင် ညပြန်အိပ်ပြီးနောက်နေ့မနက်မှာ ကလောဈေးထဲ ဈေးဝယ်ထွက်ကြပြီး ရန်ကုန်ကိုပြန်ခဲ့ကြတော့သည်။ ကျွန်တော်တို့ရောက်ခဲ့သည့် ပလောင် တောင်သည် ဘယ်တော့မြို့ကြီးပြကြီးလို တိုးတက်လာလေမည်လဲဆိုခြင်းကို စဉ်းစားရင်း ပြန်လာဖြစ်ခဲ့သည်။
ဇေယျာမြတ်ခိုင်
(မတ်နှင့်ဧပြီကာလများတွင် တောင်ပေါ်ရေမရ၍ သင်္ကြန်မကျဖြစ်သည်မှာ နှစ်တော်တော်ကြာခဲ့ပြီဆိုတာကြောင့် ဒေါက်တာ သာဉာဏ်က တောင်အောက်တစ်မိုင်ခွဲခန့်က ရေထွက်တစ်ခုမှရေကိုအမြင့်ဆုံးတောင်နေရာမှာ ရေကန်ဆောက်ပြီး ရေတင်ပေးသည် ကြောင့် ဒီနှစ်ကစပြီးတော့ သင်္ကြန်ရေကစားရတော့မည်ဟုလည်း သိရသည်။)
0 comments:
Post a Comment