ပစ္စည်းဥစ္စာ ပြည့်စုံသူများနှင့် မြို့ကြီး အရပ်ကြီးများ၌ ကော်ဖီ၊ လက်ဖက်ရည်အချို၊ မုန့်မျိုးစုံတို့ဖြင့် ကုလာထိုင်များ ခင်းကျင်းကာ ဧည့်ခံကြသည်။ ဧည့်ခံကျွေးမွေးပြီးနောက် မင်္ဂလာအချိန်ရောက်သောအခါ မင်္ဂလာအကျိုးဆောင်က ရှေ့ဆောင်၍ သတို့သားနှင့် ဧည့်ပရိသတ်များပါ သိုက်သိုက်ဝန်းဝန်းဖြင့် သတို့သမီးအိမ်သို့ သွားကြရပါသည်။ သတို့သမီးအိမ်ရှိ ပရိသတ်များထဲတွင် “တာကျယ်” ခေါ် သမာဓိလူကြီးများရှိပါသည်။ မင်္ဂလာအခမ်းအနားတွင် နှစ်ဘက်သော မိဘများက မည်သို့မျှ ၀င်ရောက်ပြောဆိုခြင်း၊ မပြုကြဘဲ မင်္ဂလာအကျိုးဆောင်နှင့် သမာဓိလူကြီးများသာ ပြောဆိုကြပေသည်။ ရှေးဦးစွာ မင်္ဂလာအကျိုးဆောင်က ကွမ်းးစားဆေးထည့်သော ကလပ်ကို လူကြီးများရှေ့တွင်ချထားသည် ပြီးနောက် သူ၏ ဦးရစ်ဗေါင်းထုပ်ကို ချွတ်၍ ဒူးထောက်က ဦးသုံးကြိမ်ညွတ် အရိုအသေပြုလျက် နှုတ်တိုက် အရကျက်ထားသော ပလောင်သာဖြင့် လင်္ကာများကို ဟောပြောပါသည်။ ဗမာဘာသာဖြင့် လိုရင်းအဓိပါယ်မှာ ခေါင်းငုံ့ရိုကြိုး မာန်လျှိုးပါ၏။ ခြေဖ၀ါးတော်အောက် ရိုသေစွာ ၀ပ်လျှိုးပါ၏။ ကျနော်များသည် ကံသုံးပါးဖြင့် မပြစ်မှားမိစေရန် အလိုငှါ၊ ဓလေ့ထုံးစံကို အမှားအယွင်းမရှိစေရအောင် ယခုပွဲတိုင် ကြွရောက်တော်မူကြသော (၇)သားသမီး၊ အဖိုးအဖွား၊ သက်ကြီးရွယ်အို ၃ဦး၊ အဓိပတိ လူကြီးများထံမှောက်သို့ လာရောက်ကြပါသည် ရွှေနှုတ်တော်က ချိုသားစွာမှတ်မည့် မိန့်ခွန်းတော်သံကို ကျနော်များတို့ အဆင်သင့် နာခံပါရန် ရောက်ရှိလာရပါကြောင်းကို ရုံးပေါင်း၍ ခေါင်းငုံ့ကာ ၀ပ်လျှိုးပြီး အစီရင်တော် ခံအပ်ပါသည် ဂုဏ်သရေရှိလူမင်းခများ။ မင်္ဂလာအကျိုးဆောင်က ရှေးဦးစွာ နိဒါန်းသဖွယ် မင်္ဂလာဆောင်စကားပြောပြီးနောက် သမဓိ လူကြီးမင်းများထဲမှ တယောက်ယောက်က ပလောင်ဘာသာဖြင့် လင်္ကာများကို ပြန်လည်း ရွက်ဆိုထားပါသည်။ အသင်တို့သည် ယခုကဲ့သို့ အဖိုး၊ အဖွား၊ ဆွေမျိုး ညာတကာတို့ရှေ့မှောက်သို့ လာရောက်ကြပြီးနောက် ဦးသုံးကြိမ်ညွတ်ကာ ၀ပ်လျှိုး တောင်းပန်ကြသော စကားဖြင့် အမိန့်သံကို နာခံလိုကြောင့် သိရပေသည်။ သို့သော်လည်း မချွန်သောဝါးကို ပန္နက်အတွက် အသုံးမချ၊ ချွန်ထက်သောဝါးမှ ပန္နက်အတွက် အသုံးပြုသကဲ့သို့ လလိမ္မာတတ် သိနားလည်သော သူကိုမှသာ ရှေ့ဆောင်ရှေ့ရွက် အသုံးပြုသဖြင့် အမောင်တို့ အလိုရှိအပသော အကြာင်းအရာများကို ရှင်းရှင်းနှင့်လင်းလင်းပြောဆိုရန် အခွင့်ပေးပါ၏။ အစရှိသဖြင့် သမာဓိလူကြီးနှင့် မင်္ဂလာအကျိုးဆောင်တို့ အပြန်အလှန် လင်္ကာပတ်တမ်းနှင့် မင်္ဂလာစကားပြောဆိုကြသည်။ ထိုသို့ ပြောဆိုကြသည်မှာ ၂နာရီနီးပါးခန့် ကြာလေသည်။ မင်္ဂလာအကျိုးဆောင်က သတို့သားသည်၊ သတို့သမီးတို့အား အိမ်ထောင်ရှင်ဖြစ်ကြပြီးဖြစ်၍ ရတနာသုံးပါး မိဘ၊ ဆရာသမားတို့ကို ရိုသေကိုင်းရှိုင်းပြီး ဆိုဆုံးမစကားကို ကျိုးနွံစွာ လိုက်နာ၍ တယောက်နှင့်တယောက် သစ္စာမဖောက်ဘဲ အမျိုးအနွယ်ကို စောင့်ရှောက်ပြီး လောကအလယ်မှာ တင့်တယ်စွာ သွားလာနေထိုင်နိုင်အောင် ပစ္စည်းရှာဖွေ စုဆောင်းခြင်းများကို ပြောဆိုဆုံးမ သြ၀ါဒပေးပါသည်။ သတို့သားနှင့် သတို့သမီးတို့က ဆိုဆုံးမသည်ကို နာယူပြီး လူကြီးမိဘ၊ ဆရာသမား၊ သက်ကြီးရွယ်အိုးများကို လက်အုပ်ချီ ကန်တော့ကြလေသည်။ ပရိသတ်များကလည်း မင်္ဂလာ ဆုပေးခြင်းပြုကြသည်။ မင်္ဂလာအခမ်းအနားလည်း ပြီးဆုံးလေသည်။ မင်္ဂလာအခမ်းအနားတွင် သတို့သမီး မိခင်နို့ဖိုးကို ပေးရပါသည်။ ကိုယ်တတ်နိုင်သလောက်ပေးဆောင်ရပါသည်။ သတို့သမီးဖက်မှ သက်ဆိုင်သူလူကြီးများဝေယူရန် ကန်တော့ကြေးအဖြစ်လည်း ပြန်ပေးရပါသည်။ ထို့ပြင် နှီးနှင့်ရက်ထားသော ရာဇမတ်ငယ်ကေးလတခု၊ ကြံပင်၊ ငှက်ပျောပင်ငယ်၊ တွန်ခပ်ခေါ် ထမင်းစေ့ကြမ်းပင်အကိုင်းတကိုင်း “လငွီး” ခေါ် သတို့သမီးခေါင်းဆောင် ခြုံထည်တထည်နှင့် သတို့သားခေါင်းပေါင်း တထည်ကိုပါ ကန်တော့ပွဲတွင် ထည့်ရလေသည်။ ကန်တော့ပွဲတွင် ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်၊ “တွန်ခပ်” ထမင်းစေ့ကြမ်းပင် အကိုင်းတကိုင်း၊ သတို့သမီးခေါင်းခြုံထည်နှင့် သတို့သားခေါင်းပေါင်း ထည့်ရသော ထုံးစံမှာ ရှေးသရောအခါ ပလောင် လုလင်ပျိုတဦးနှင့် ပလောင်လုံမပျိုတဦးတို့ မေတ္တာမျှ၍ လုလင်ပျိုက ခိုးယူသော ညတွင် သူမ၏ အိမ်ဝင်းထရံ ရာဇမတ်ကို ဖျက်ဆီး၍ ၀င်ပြီး ကြံပင်၊ ငှက်ပျောပင်များကို တိုးဝှေ့ဖြတ်ကျော်ကာ ခိုးယူသွားရာ၊ ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ချစ်သူနှစ်ယောက်သည် ထမင်းစေ့ကြမ်း ပင်အောက်သို့ရောက်သောအခါ ခရီးတလျှောက်နားရာတွင် လုလင်၏ ခေါင်းပေါင်းနှင့် သူမ၏ ခေါင်းဆောင်းခြုံထည် ကျကျန်ရစ်ခဲ့သည်။ နံနက်မိုးလင်းသောအခါ သူမ၏မိဘများက လိုက်ရှာကြရာ ပျက်စီးနေသော ၀င်းထရံ၊ ကြံပင်၊ ငှက်ပျောပင်များနှင့် ထမင်းစေ့ကြမ်းပင်အောက်တွင် ခေါင်းပေါင်းနှင့် ခေါင်းဆောင်းခြုံထည်ကိုပါ တွေ့ရှိကြရ၍ လူကြီးစုံရာကို သက်သေခံအဖြစ် တင်ပြပြီးနောက် မင်္ဂလာလက်ထပ်ပေးခဲ့သော ရှေးအစဉ်အလာ ဓလေ့ထုံးစံရှိခဲ့သည့်အတိုင်း လက်ထပ်မင်္ဂလာပွဲတွင် ၄င်းပစ္စည်းများထည့်ရလေသည်။ ထမင်းစေ့ကြမ်းပင်ကို ပလောင်ဘသာဖြင့် “တွန်ခပ်” ပင်ခေါ်သည်။ “တွန်” အပင် “ခပ်” လက်ထပ်ခြင်း။ လက်ထပ်ပေးသောအပင် အဓိပါယ်ဖြစ်သည် မြန်မာများက ထမင်းစေ့ကြမ်းပင်ဟုခေါ်သည်။ အချို့သောဒေသများတွင် ဆပ်ပြာပင်ဟုလည်းခေါ်သည်။ ၄င်းတွန်ခပ်ပင်ခေါ် ထမင်းစေ့ကြမ်းပင် (သို့) ဆပ်ပြာပင်သည် တရော်ခုနှစ်မျိုးတွင်ပါသည်။ တရော်ခုနှစ်မျိုးမှာ (၁) တရော်နီ (၂) တရော်ညို (၃) တရော်ဖြူ (၄) တလိုင်းတရော် (၅) နှစ်ပင်တရော် (၆) နတ်သမီးတရော် (၇) ဆပ်ပြာပင်ရွက်တို့ပါဝင်ပြီး ၄င်းတို့ကို သနတ်သရော်ဟုလည်း ခေါ်သေးသည်။ မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။ | မင်္ဂလာနေ့တွင် သတိုးသားအိမ်နှင့် သတိုးသမီးအိမ် နှစ်အိမ်စလုံး ရန်ခိုက်ဒေါသဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား ပြောဆိုခြင်းတို့ကို အလျဉ်းမပြုလုပ်ကြရပေ။ သတိုးသားအိမ်၌ သတိုသားဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် သတို့သမီးအိမ်၌ သတို့သမီးဘက်က ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များကို မျှစ်ချဉ်၊ ကြက်သွန်ဖြူစိမ်း၊ု ကုဇွန်ခြောက်နှင့် ငရုပ်သီးမှုန့်တို့ဖြင့် သုတ်ထားသော “လဆုတ်” ခေါ် လက်သုတ်နှင့်သော်လည်းကောင်း၊ ရာသီအလိုက်ပေါ်သော ဟင်းသီးဟင်းရွက်များကို ပေါင်း၍ ပဲပုပ်မှန်း မျှစ်ချဉ်ရေနှင့် သုတ်ထားသော “တူးကဆူးကဗါလ်” ခေါ် ဟင်းရွက်ပေါင်းအသုတ်နှင့်သော်လည်းကောင်း လက်ဖက်ရည်ကြမ်းနှင့် ကျွေးမွေးဧည့်ခံလေ့ရှိကြသည်။
0 comments:
Post a Comment