DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, January 16, 2011

ပလောင်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံ

ပလောင်ရပ်ရွာတို့၏ နေထိုင်ပုံ
ပလောင်လူမျိုးတို့သည် မိသားစု အိမ်ထောင်စုများ အဆောက်အဦးတခုတည်းတွင် စုပေါင်းနေထိုင်လေ့ရှိသည်။ တချို့သော ပလောင်လူမျိုးတို့သည် အိမ်လျားကြီး ဆောက်ပြီး အိမ်ထောင်စုပေါင်း ၄-၅အိမ်ထောင်စုမှ ၁၂အိမ်ထောင်စုအထိ တစည်းတလုံးတညိစုပေါင်းနေထိုင်ကြပါသည်။ ဤတွင် မိသားစုဝင်များအားလုံး စည်းလုံးခြင်းကို ပြသခြင်းလည်းဖြစ်ပါသည်။ များသောအားဖြင့် ပလောင်လူမျိုးတို့ အေးချမ်းတည်ကြည်သော တောင်ပေါ်နေရာတွင် နေထိုင်လေ့ရှိပါသည်။

တချို့သော ရွာတွင် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်မှုကြောင့်သော်လည်းကောင်း၊ အဆင်ပြေသော မိသားစုဖြစ်၍ သော်လည်းကောင်း၊ သူမိသားစု ကိုယ်မိသားစု လွတ်လွတ်လပ်လပ် နေလိုစိတ်ကြောင့်သော်လည်းကောင်း တအိမ်လျှင် တမိသားစုဖြင့် သီးခြားနေထိုင်လေ့ရှိသည်။

အိမ်တအိမ်တွင် များသောအားဖြင့် ဖခင်က အိမ်ထောင်ဦးစီးဖြစ်ပါသည်။ အိမ်ထောင်စုပေါင်းအားလုံးနေသော အိမ်ကြီးတခုလုံးအား အသက်အရွယ် အကြီးဆုံး၊ ၀ါအရင့်ဆုံး ယောက်ျားကြီး အကြီးအကဲအဖြစ် ဆောင်ရွက် သည်။
ရွာ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရွာဥက္ကဌကို အမျိုးသားများဖြင့် ခန့်အပ်လေ့ရှိပြီး ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပါသည်။  အမျိုးသမီးများကို ရပ်ရွာ၏ သာရေး၊ နာရေးလောက်တွင် ပါဝင်လေ့ရှိပါသည်

အမွေဆက်ခံခွင့်

ပလောင်လူမျိုးများသည် များသောအားဖြင့် မိဘ၏ အရိုက်အရာကို သားအကြီးဆုံးက ဆက်ခံပိုင်ခွင့်ရှိပါသည်။ တခြားသော လက်ဖက်ခြံ၊ တောင်ယာ၊ လယ်ယာတို့ကို ညီတို့ကို ခွဲဝေပေးလေ့ရှိသည်။

တချို့သော မြို့နယ်တွင် များသောအားဖြင့် သားအငယ်ဆုံးကို မိဘအရိုက်အရာ ဆက်ခံခွင့်ပေးထားပါသည်။ သားအကြီးဆုံးက အရင်အိမ်ထောင်ကျပြီး အိုးခွဲပေးထားလေ့ရှိပါသည်။ တချို့သော ခေတ်ပညာတတ်သော မိဘများက သမီး မိန်းကလေးများကို သားယောက်ျားနှင့် တန်းတူ အမွေးခွဲပေးပါသည်။

တချို့သောရွာတွင် “သားကိုသခင် လင်မယားကို ဘုရား” ဆိုတဲ့ စကားပုံအတိုင်း သားကို ကိုးကွယ်၊ လင်ကို ကိုးကွယ်ပြီး သမီး မိန်းကလေးများကို လုံးဝ အမွေးခွဲဝေပေးလေ့မရှိပါ။ သမီး မိန်းကလေးသာမက ကိုယ့်မွေးထားသော မွေးမိခင်ပါ အမွေးရပိုင်ခွင့်မရှိချေ။ ဥပမာ မိသားစု တစုသည် သမီးမိန်းကလေးများဖြင့် မွေးထားပြီး အဖေက အမေထက်စောစွာ သေဆုံးလျှင် အမွေးများကို အဖေဘက် အမျိုးတော်စပ်သူ ဦးကြီး၊ ဦးလေးတို့ကို အမွေးထိန်းသိမ်းထားပိုင်ခွင့်ရှိပါသည်။

အပျို၊ လူပျို ဘိသိက်သွန်းခြင်း

နမ့်ဆန်မြို့နယ် အနောက်ကင်းနှင့် ဇယန်းကြီးတို့တွင် ရှေးအခါက အမျိုးသမီး၊ အမျိုးသား ၁၁-၁၂နှစ်ခန့် အပျို၊ လူပျိုဘောင်ဝင်စပြုလာလျှင် ရပ်ရွာရှိ ဇရပ်တဆောင်တွင် စုဝေး၍ အပျိုးကြီး၊ လူပျိုကြီးများက ဦးဆောင်ကာ ဘိသိက်သွန်းလေ့ရှိကြသည်။ ဘိသိက်သွန်းခြင်းမှာ အပျို၊ လူပျိုအဖွဲ့ စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း တမျိုးပင်ဖြစ်ပေသည်။

ထိုအချိန်အခါမှစ၍ ရပ်ရွာအတွင်းရှိ အပျို၊ လူပျိုများမှာ အစည်းအရုံးတွင် သဘောမျိုးဖြစ်သွားပြီး သာရေး၊ နာရေး ကိစ္စပေါ်လျှင် စုပေါင်းလုပ်ကိုင်လေ့ရှိကြသည်။ ဥပမာ အပျိုများက လက်ဖက်ရည်အိုးလှူလျှင် လူပျိုများက ပန်းကန်များလှူကြသည်။ အပျို၊ လူပျိုများ စုပေါင်း ကောင်းမှုဖြစ်သည့် အပျို၊ လူပျို ဘုရားကို ယခုတိုင် ယခုတိုင် ဇယန်းကြီးရွာ တောင်ကုန်းပေါ်တါင် တွေ့နိုင်ပေသည်။

အပျို၊ လူပျို ဘိသိက်သွန်းသည့်စံနစ်ကို ယခုအခါ အချို့က ဖျက်လိုကြပေသည်။ သို့သော် လုံးဝ မအောင်မြင်သေးပေ။ အပျို၊ လူပျိုများကို အသင်းသဘောမျိုး စုပေါင်းဖွဲ့စည်းထားခြင်းဖြင့် စည်းရုံးမှု အလိုအလျောက် ရရှိလာနိုင်ပေသည်။ အချင်းချင်းလည်း စည်းစောင့်ကြသည့်အတွက် ပြောပလောက်သည့် မှားယွင်းမှုမျိုး မတွေ့ရပေ။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။

လူပျိုလှည့်ရသောည

ပလောင်လူမျိုးတို့သည် များသောအားဖြင့် ခေတ်မှီသော စာပေစာယူ စနစ် ကျင့်သုံးခြင်း အလွန်နည်းပါးသည်။  လူပျိုများသည် အပျိုအိမ်တွင် လွတ်လွတ်လပ်လပ် အိမ်ပေါ်တက်၍ စကားပြောခွင့်ရှိပါသည်။ မိဘများသည် နားလည်မှု ပေးပြီး အချိန်အစောကြီး အိပ်လေ့ရှိပြီး ရှောင်ပေးထားပါသည်။

တခါတလေ လူပျို (၃-၅)ယောက် အထိ အပျိုအိမ်ကို လာရောက်ခွင့်ရှိပါသည်။ ပထမဦးဆုံးရောက်ရှိလာသော လူပျိုသည် အပျိုမလေးနှင့် ပထမ ဦးဆုံးစကား ပြောပိုင်ခွင့်ရှိပါသည်။ အစဉ်လိုက်အတိုင်း စကားပြောရပါတယ်။ တချို့သော လူပျိုများသည် တခြားသော လူပျိုကို ငဲ့တဲ့အနေနဲ့ နာရီပိုင်းအနည်းငယ်သား စကားပြောပြီး ထပြန်သွားတတ်သည်။ တချို့သော လူပျိုသည် ညစ်ပတ်ပြီး ကိုယ့်သူငယ်ချင်းကို အလှည့်မပေးချင်၍ သူတစ်ယောက်ထဲ အချိန်အကြာကြီး ထိုင်ပြောလေ့ရှိပါသည်။

စကားပြောသည့်အခါတွင် အပျိုများက တခါတလေ ညနေစား မစားသေးဘဲ လူပျိုများက ရောက်ချတတ်ပါသည်။ အဖိတ်၊ ဥပုဒ်နေ့ညဆိုလျှင် အချိန်ကို ပို၍ ထိုင်ပြောလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အဖိတ်၊ ဥပုဒ်တွငှ် အလုပ်နားလေ့ရှိပါသည်။ မိုးလင်းပေါက်အထိ ထိုင်တတ်ပါသည်။ တချို့သော အပျိုလေးများသည် မနက်မိုးလင်း တာနဲ့ မအိပ်ဘဲ ထမင်းဟင်း တခါထဲ ချက်ထားပါသည်။

တချို့သော မိဘများသည် သားသမီးကို နားလည်ပြီး ဘာမှ မပြောဘဲ စကား ကောင်းကောင်း မွန်မွန်ပေး ပြောပါသည်။ တချို့သော မိဘများသည် လူပျိုကို သိပ်ပြီး သဘောမကျဘူးဆိုရင် လုံးဝ မရှောင်ပေးပေ။ သမီးမိန်းကလေးနှင့်အတူ လူပျိုနှင့် ၀ိုင်းဖွဲ့၍ စကားထိုင်ပြောပါသည်။

စကားပြောသည့်နေရာတွင် ပလောင်အိမ်သည် မီးပုံဝိုင်းတခု အိမ်တိုင်းလိုလို ရှိထားပါသည်။ မီးပုံဝိုင်းတွင် ထိုင်ပြီး စကားပြောရပါသည်။ ချောင်ကြို ချောင်ကြားတွင် စကားပြောခွင့်မရှိပေ။ စကားပြောရင် အခါရည်ကြမ်းကို သောက်တတ်သလို တခါတလေ ကွမ်း၊ဆေးစားတတ်သော အမျိုးသားရှိလျှင် ကွမ်း၊ဆေးနှင့် ဧည့်ခံထားပါသည်။

လူပျိုလှည့်နည်းမှာ တနေရာနှင့် တနေရာ မတူကြပေ။  လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်တုန်းကဆိုရင် လူပျိုများက (၄-၅)ယောက်လာပြီးဆိုလျှင် တချို့သော လူပျိုများက အကျင့်ပုတ်ပြီး အပျိုအိမ် လှေကား (သို့) ပစ္စည်းတခုခု ယူသွားလေ့ရှိပါသည်။ မိဘများက တောင်းပန်ပြီး ပစ္စည်းကို သွားယူရပါသည်။ အပေါက်နှင့် စကားပြောဓလေ့လည်းရှိပါသည်။ အခုတော့ အပေါက်နှင့် စကားပြောသော ဓလေ့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပါသည်။

သတို့သမီးခိုးယူနည်း
နှစ်ဘက်မိဘ မည်မျှပင် သဘောကျစေကာမူ၊ မင်္ဂလာမဆောင်မီ သတို့သမီးကို သတို့သားက ပဌမ ခိုးယူရသော ထုံစံရှိသည်။ သတို့သမီး ခိုးယူနည်းမျာ သတို့သားကိုယ်တိုင်သွား၍ မခိုးရဘဲ၊ သတိုးသားနှင့် ခင်မင်ရင်းနှီးသူ ကာလသား၊ ကာလသမီး (၄-၅) ယောက်ျကို လွတ်ပြီး ခိုးယူရသည်။ သတို့သမီးသည် ချစ်သူ သတို့သားနောက်သို့ လိုက်ရန် အသင့်ဖြစ်သောအခါ မိဘများအား အသိပေးသည့်အနေဖြင့် ခြင်းကလေးတခုအတွင်း “တွယ်” ကွမ်းသီးတောင့် ကွမ်းစားဆေး (ဓါးလှီးဆေး) ရှားစေးနှင့် ကွမ်းသီးစိတ် အနည်းငယ်ကို ထည့်ပြီး မိဘ (သို့) အုပ်ထိန်းသူတဦးဦး အိပ်ရာမှ နိုးလျှင် ချက်ခြင်းတွေ့မြင်လောက်သည့် နေရာတွင် ချထားလေ့ရှိသည်။ ၄င်းခြင်းကလေးနှင့်အတူ မိဘနှစ်ပါးအား ကန်တော့ပန်းအဖြစ် ပန်းတမျိုးမျိုးနှင့် သတို့သား၏ အင်အားအလျောက် မိဘကို ကန်တော့ကြေးငွေအဖြစ် ပူးတွဲချထားလေ့ရှိကြပါသည်။ ထိုသို့ချထားပြီး လာရောက်ခိုးသူကာလသား ကာလသမီးနှင့် သတို့အိမ်သို့ လိုက်သွားရရိုး ထုံစံရှိပေသည်။

(ပလောင်ကျေးလက်ဒေသ၌ အပျိုတိုင်းလိုလို ခြင်းကြားငယ်ကလေးများကို ဆောင်ထားလေ့ရှိကြသည်။ ၄င်းခြင်းကလေးများကို မြက်တမျိုးဖြင်ည နေ့ကောင်းရက်သာတွင် ရက်လုပ်လေ့ရှိသည်။ အရွယ်မှာ လက်သန်းခန့် ရှည်းလျားလျားဖြစ်သည်။)

သတို့သမီး ရောက်လာသော်လည်း သတို့သားက ဆိုင်ရုံသာဆိုင်ပြီး မပိုင်သေးပေ။ သတို့သမီးက ခိုးပေးသူ အပျိုဖော်များနှင့်အတူ အခန်းတခန်းမှာ အိပ်ရပြီး သတို့သားက ခိုးပေးသူ လူပျိုပေးများနှင့်အတူ အပြင်ခန်းမျ အိပ်ရသည်။ သတို့သမီး လူကြီးမိဘများ အိပ်ရာမှ နိုးသောအခါ၊ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို တွေ့မြင်လျှင် မိမိတို့သမီး ချစ်သူနောက် လိုက်သွားကြောင်းကိုသိကြသည်။

အကယ်၍ ၄င်းပစ္စည်းများ မတွေ့လျှင် မိမိတို့သမီးအား မသူတော် အဓမ္မသား လူဆိုးများခေါ်ဆောင်သွားလေမည်လား (သို့) တောရဲကျားသစ်များ ချီဆောင်သွားလေသလားဟု စိုးရိမ်မကာင်းဖြစ်ကာ ဆိုင်ရာ အကြီးအကဲတို့ကို တိုင်ကြားခြင်းပြုကြသည် ဆိုင်ရာတို့ကလည်းလူပျောက်ကို ရှာဖွေကြရသည်။

သတိုသားအိမ်တွင် လူပျို၊ အပျိုတို့ ပျော်ပျော်ပါးပါးနှင့် စုရုံးစားသောက်နေကြသည်မှာ အလှူကလေး သဖွယ်ဖြစ်နေ၏။ သတို့သားနှင့် သတိုးသမီးတို့အား အုပ်ထိန်းသူ လူကြီးမိဘများ စုံရာရှေ့တွင် လက်ထပ်ထိမ်းမြာ်းပေးမှု မရှိသေးသောကြောင့် မြင်ရုံသာမြင်ရ မကြင်ရတဲ့ဘ၀နှင့်ပင် နေရသေးသည်။

သတို့သမီး မိဘများက တရက်၊ နှစ်ရက်ကြာသောအခါ သတို့သမီးကို ပြန်၍ခေါ်သွားကြသည်။ သတို့သားဘက်မှ အဖော်များကလည်း ဒုတိယကြိမ် ပြန်၍ ခိုးယူရပြန်သည်။ သတို့သမီးဘက်ကလည်း တရက်၊ နှစ်ရက်ကြာလျှင် ပြန်ခေါ်ကြပြန်သည်။ သတို့သားဘက်ကလည်း တတိယအကြိမ် ပြန်ခိုးယူရပြန်သည်။ ဒုတိယ၊ တတိယ ခိုးယူသောအကြိမ်များ၌ ခြင်းကြားရှည်ကလေးနှင့် ပန်း၊ ငွေတို့ကို မထားရတော့ပေ။
သတို့သမီးဘက်က အကြိမ်ကြိမ်ပြန်ခေါ်ယူကြသည်မှာ သတို့သားနှင့် သဘောမတူ၍ မဟုတ်ပေ။ မိမိတို့သမီးကလေးကို ချစ်လွန်းလှ၍ အိမ်ထောင်မပြုစေလိုသေးသော သဘောရသည်ဟု အယူအကြသည်။ ဤဓလေ့ထုံးတမ်းမှာ မြို့ကြီးအရပ်ကြီးများ၌ ပပျောက်လုနီးပြီးဟု ဆိုကြသည်။

သုံးကြိမ်လောက် အပြန်လှန်ခိုးယူပြီးမှ “ တာကျိုက်” မင်္ဂလာဆောင်အခမ်းအနားခေါင်းဆောင်လုပ်သူကို သတို့သမီးကလေး မိဘများထံလွတ်ပြီး မင်္ဂလာဆောင်နှင်းရန် ကိစ္စ စီမံကြရသည်။ သတို့သမီး မိဘများက သတို့သား အဆင့်အတန်း၊ မျိုးရိုး၊ ဂုဏ်သိက္ခာ၊ အခြေအနေကို ကြည့်ပြီး သင့်တော်သော ခန်းဝင်ပစ္စည်းများကို တင်စေသည်။

တန်ဆောင်မုန်းလ၊ တပို့တွဲလ၊ တပေါင်းလ၊ နယုန်လ၊ လေးလကိုသာ လက်ထပ် မင်္ဂလာဆောင်ပြုကောင်းသော လအဖြစ်သတ်မှတ်ထားကြသည်။ ကျန် ၈ လကို ရှောင်ကြဉ်ကြသည်။ သို့သော် အရေးကြီးသလို၊ အကြောင်းပေါ်လောသ်ာလ လောကီပညာ ကျွမ်းကျင်သော ပုဂ္ဂိုလ်များက အသေးစိတ် နေ့ကောင်းရက်သာ အချိန် မင်္ဂလာကို စီစစ်ရွေးထုတ်ကာ လက်ထပ်ပေးတတ်ကြပေသည်။
မယ်တို့ပလောင်စာအုပ်မှ ကိုးကားပြီး ရေးသားထားပါသည်။

ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်

ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ဖြစ်လျှင် ရှောင်ရမည့် အချက်ရှိပါသည်။ အ၀င်ထွက် တခါးပေါက်တွင် လုံးဝ မထိုင်ရပါ။ အလေးပင် မသယ်ရ။ များသောအားဖြင့် သူများနိုင်ငံက မီးမဖွားမီ (၃)လအတွင်း ဦးနှောက်ကို အနားပေး၊ ကိုယ်ဝန်ကို စောင့်ရှောက်ဖို့အတွက် ခွင့်(၃)လ ယူထားပါသည်။

သို့သော် ပလောင်လူမျိုးများသည် များသောအားဖြင့် မမွေးမချင်း အလုပ်ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ရပါသည်။

မီးဖွားပြီးတဲ့အချိန်ဆိုရင် များသောအားဖြင့် ပလောင်ဒေသတွင် အရပ်လက်သည်နှင့် မီးဖွားးရပါသည်။ မြို့နှင့်နီးကပ်ပြီး စီးပွါးရေးအဆင်ပြေသော မိသားစုလောက်တွင် ဆေးရုံးသို့ သွားဖွားပါသည်။ တချို့သော အမျိုးသမီးသည် မီးဖွားခါးနီးတွင် အလုပ်သွားလုပ်၍ တောင်ယာ၊ လက်ဖက်ခြံတို့ ကလေးမွေးလိုက်ပါသည်။ မီးဖွားသည့် အချိန်တွင် ကလေးနှင့်ယောက်ျားလေး လုံးဝ ၀င်ကြည့်ခွင့်မရှိပေ။ ပလောင်အိမ်တွင် များသောအားဖြင့် မီးတွင်းဝိုင်းရှိပါသည်။ မီးဖွားသည့် အမျိုးသမီးတယောက်ဖြစ်လျှင် ပူသောအရာသီဖြစ်ဖြစ် မီးတွင်းနား ၄၅ရက် အထိ နေပေးရပါသည်။ (၇) မပြည့်မချင်း တခြားသော ဆွေမျိုးအိမ်သို့ သွားလည်ခွင့်မရှိပါ။ တချို့ အဆင်မပြေသော မိသားစုသည် မီးဖွားပြီး ၁၅-၂၀ရက်တွင် မီးတွင်းမှ ထွက်၍ အလုပ်လုပ်ရသည်။ မီးဖွားပေးသော အရပ်လက်သည်ကို လက်ဆေးခ စေနာရှိသလောက် ပိုက်ဆံထည့်ပြီး ကင်းပွန်ရည်နှင့် ဆပ်ပြာမွှေးကို ပူဇော်ပေးလေ့ရှိပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger