DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, January 17, 2011

တအာင်းကျေးရွာအသီးသီး၏ သတို့သမီးခိုးယူနည်းနှင့် လက်ထပ်မင်္ဂလာပွဲ

ကျမတို့ပလောင်လူမျိုးတွေဟာ နေရာဒေသချင်းကွဲပြားသလို လက်ထပ်ထိမ်းမြားတဲ့အချိန်မှာလဲ ကွဲပြားတာကို တွေ့ရပါတယ်။ ကျမရဲ့မွေးရပ်မြေဖြစ်တဲ့ နမ့်ခမ်းဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ လက်ထပ်ထိမ်းမြားတဲ့ဓလေ့ကို တင်ပြချင်ပါတယ်။

အဲဒီဒေသမှာတော့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှကြတဲ့ လူပျိုတွေ အပျိုတွေကို သတို့သားဘက်က ခိုးရာလိုက်ပြေးတာရှိသလို သတို့သားဘက်က မိဘတွေကိုဖွင့်ပြောပြီး သက်ဆိုင်ရာလူကြီးတွေကနေတဆင့် သတို့သမီးမိဘထံ တောာင်းရမ်းတာကိုလဲရှိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် မိန်းခလေးတွေက ညဘက်ဆိုရင် ဘယ်မိဘမဆို ကိုယ့်သမီးကို အပြင်သွားခွင့်မပြုပါဘူး။ ဒါကြောင့်မို့ အပျိုတွေ နေ့လည်ဘက် လယ်ယာ၊တောင်ယာသွားနေချိန်မှာ လူပျိုတွေက လမ်းတ၀က်မှာ ကြိုတင်သွားစောင့်နေတယ်။ အပျိုမတွေ လယ်ယာ၊ တောင်ယာသွားချိန်မှာ တွေ့ကြပြီး ခိုးရာလိုက်ပြေးကြပါတယ်။

သတို့သမီးကိုခိုးယူတဲ့အချိန်မှာ သတို့သားနဲ့လူပျိုသူငယ်ချင်းတွေဘဲဖြစ်ဖြစ် ကိုနဲ့ခင်မင်တဲ့အပေါင်းအဖော် ဖြစ်ဖြစ် အပျိုမလေးရှိတဲ့နေရာကို သွားရောက်ပြီး ခိုးယူလေ့ရှိပါတယ်။ ခိုးယူတဲ့အချိန်မှာဆိုရင် သတို့သားဘက်က သူငယ်ချင်းတစ်ယောက် နှစ်ယောက်ဖြစ်ဖြစ် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို အရင်အသိပေးရပါတယ်။ အသိပေးတဲ့အချိန်မှာဆိုရင် နို့ဆီ၊ သကြား၊ ဆေးပေါ့လိပ်၊ လက်ဖက်ခြောက် နဲ့ ပိုက်ဆံ(သတ်မှတ်ချက်မရှိ) ဖြစ်ဖြစ်သွားပေးရပါတယ်။ သည်လိုပေးခြင်းအားဖြင့် လူပျိုနှင့် အပျိုခေါင်းဆောင်တွေကို လက်ထပ်ခွင့်တောင်းတဲ့ သဘောကိုဆောင်တယ်။

အဲဒီညမှာ သတို့သားနဲ့သတို့သမီးက သူငယ်ချင်းတွေနဲ့အတူ တနေရာရာမှာ သွားနေပြီးစားသောက် ပျော်ပါးကြပါတယ်။ တခါတလေကျရင် သတို့သားက အပျိုးမိန်းခလေးကို မခိုးမီ မိန်းမခိုးလာမယ်ဆိုတဲ့အကြောင်းကို မိဘထံကိုယ်တိုင်ပြောပြီး သွားခိုးပါတယ်။ မိဘတွေလဲ ပြင်ဆင်တာလေးတွေရှိရင် ပြင်ဆင်ရအောင်ပေါ့။ တချို့ကျတော့ ခိုးတဲ့ညမှ သူငယ်ချင်းတွေကနေတဆင့် မိဘတွေကို သွားပြောခိုင်းပါတယ်။ အပျိုမိန်းခလေးဘက်ကလည်း ညဘက်ပျောက်လို့မနက်အထိပြန်မလာရင် ခိုးရာလိုက်ပြေးတယ်ဆိုတာ မိဘတွေနားလည်ထားပါတယ်။ ပြီးတော့လည်း အပျိုမိန်းခလေးမိဘတွေကိုလည်း သူငယ်ချင်းများက သွားပြောပါတယ်။

ညသန်းခေါင်ရောက်လာမှ သူငယ်ချင်းတွေနဲ့အတူ သတို့သမီးကို သတို့သားအိမ်ထံခေါ်ပြန်ပါတယ်။ အိမ်ရောက်ရင် သတို့သမီးက သတို့သားရဲ့မိဘကို ပန်းကို ဗန်း(သို့) ပန်းကန်ပြားတခုခုထဲထည့်ပြီး သတို့သားရဲ့မိဘတွေကို ကန်တော့ရပါတယ် အိမ်နီးချင်းတွေလည်း လာပြီးကြိုဆိုကြပါတယ်။ ချီးကျုးတယ် ဂုဏ်ယူတဲ့စကားတွေ ပြောပြီးကြိုဆိုကြတာပေါ့။ သတို့သားမိဘတွေလည်း ၀မ်းသာကြောင်း ပြောကြပါတယ်။

ညအိပ်ယာမ၀င်ခင် သတို့သမီးနဲ့ သူငယ်ချင်းတွေက မနက်စောစောထလာရင် ထမင်းဟင်းတွေချက်ဖို့ မီးဖိုချောင်ကိုသွားပြီးလေ့လာရပါတယ်။ ဆန်၊ဆီ၊စားကအစဘယ်နေရာရှိတယ်ဆိုတာကို ရှာဖွေရပါတယ်။ အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကလည်း ပစ္စည်းတွေဘယ်နေရာမှာ ဘာထားတယ်ဆိုတာပြောပြပါတယ်။
အဲဒီညမှာတာ့ သတို့သားက သတို့သမီးကို မပိုင်သေးပါဘူး။ သတို့သမီးနဲ့ သူငယ်ချင်းတွေကို တခန်းတည်း ပေးအိပ်ပါတယ်။ သူတို့သားကလည်း အိမ်မှာလူပျိုသူငယ်ချင်းတွေနဲ့တစ်ခန်းတည်း အိပ်ကြပါတယ်။ သူငယ်ချင်းအိမ်မှာလည်း သွားအိပ်တာမျိုးလည်းရှိပါတယ်။ သတို့သမီးနဲ့ သူငယ်ချင်းတွေ ထမင်းဟင်းချက်ဖို့ မနက်စောစော ထလာမှ သတို့သားလည်းပြန်လာတယ်။

ခိုးပြေးပြီး မနက်မှတော့ သတို့သားဘက်က သက်ဆိုင်ရာလူကြီးမင်းတွေက သတို့သမီးမိဘထံ အကြောင်းကြားပါတယ်။ အကြောင်းကြားတဲ့အချိန်မှာလဲ လက်ဖက်ခြောက်၊ ဆေးပေါ့လိပ်၊ သကြား၊ နို့မှုန့်၊ ပိုက်ဆံ (တန်ဖိုးပမာဏ မသတ်မှတ်ပါ) တွေနဲ့အတူ ကန်တော့ပွဲလိုထဲ့ပြီး ကန်တော့ရပါတယ်။ ဒါကတော့ သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် မိဘတွေထံပြန်ပြီး ခွင့်တောင်းတဲ့သဘောကို ဆောင်ပါတယ်။ သတို့သမီးမိဘတွေက ကန်တော့တာကို လက်ခံတယ်ဆိုရင် သတို့သားနဲ့သတို့သမီး ပေါင်းသင်းနိုင်ရန်အတွက် ခွင့်ပြုတဲ့သဘောကို ဆောင်ပါတယ်။

နောက်တညမှ သတို့သမီးနဲ့ အိမ်နီးနားချင်း သူငယ်ချင်းနဲ့ သတို့သားရဲ့ အဒေါ်တော်စပ်သူတွေနဲ့ သတို့သမီးကို သူ့မိဘထံပြန်အပ်ပြီး ကန်တော့ပါတယ်။ မိဘတွေရဲ့ ဆုံးမသြ၀ါဒတွေကိုနာခံပြီးမှ သတို့သမီးကို သတို့သားအိမ်ထံပြန်ခေါ်လာကြပါတယ်။ သတို့သားကတော့ မလိုက်သွားပါဘူး။ မင်္ဂလာမဆောင်မချင်း သတို့သမီးအိမ်ကိုသွားလေ့မရှိပါဘူး။

ခိုးပြေးပြီး တစ်ပတ်နှစ်ပတ်ကြာမှာတော့ သတို့သားဘက်ကလည်း မင်္ဂလာဆောင်ရန်အတွက် သတို့သမီးကို သက်ဆိုင်ရာလူကြီးတွေကိုခေါ်ပြီး တင်တောင်းရပြန်ပါတယ်။ တင်တောင်းတဲ့အချိန်မှာလဲ သူတို့သမီးဘက်ကလည်း (ကျာင်းနန်း) ကိုထာပေးရပါတယ်။ သတို့သားဘက်ကလည်းဘဲ (ကျာင်းနန်း) ထားပေးရပါတယ်။

(ကျာင်းနန်း ဆိုတာက သတို့သားနဲ့ သတို့သမီး မင်္ဂလာကိစ္စကို ဖြစ်မြောက်အောင်၊ နှစ်ဖက်မိဘတွေနဲ့ ကူညီဆောင်ရွက်ပေးတဲ့သူပါ။ အကယ်၍ နောင်တချိန်မှာ ကွာရှင်းပြတ်စဲဖြစ်ခဲ့ရင်လည်း ကျာင်းနန်းက သတို့သမီးနဲ့ သတို့သား ကွာရှင်းပြတ်စဲကြောင်းကို နှစ်ဦးမိဘတွေကို အသိပေးရတယ်။ ပြီးတော့ သားမက်တော်စပ်သူကဘဲ ကျာင်းနန်းဖြစ်ပိုင်ခွင့်ရှိတယ်။ )

သတို့သမီးဘက်ကလည်း လိုချင်တဲ့ငွေတန်ဖိုးပမာဏကို တင်တောင်းပိုင်ခွင့်ရှိတယ်။ သတို့သားဘက်ကလည်း ပေးနိုင်တဲ့ ငွေတန်ဖိုးပမာဏကို တင်ပြပိုင်ခွင့်ရှိတယ်။ တခါလေကျရင် သတို့သားနဲ့ သတို့သမီးတို့ခိုးရာလိုက်မပြေးခင်မှာ လက်ထပ်မယ်ဆိုရင် ဘယ်လောက်တင်တောင်းရမယ်ဆိုတာကိုလည်း သဘောတူထားလေ့ရှိတယ်။ သက်ဆိုင်ရာလူကြီးတွေကလည်း နှစ်ဦးနှစ်ဘက်အတွက်မျှတအောင် ဆောင်ရွက်ပေးပါတယ်။

တင်တောင်းပြီး သတို့သားဘက်က တင်တောင်းတဲ့ငွေပမာဏကို သတို့သမီးမိဘတွေက လက်ခံပါတယ်။ ဒါပေမဲ့ သတို့သားဘက်က တင်တောင်းတဲ့ငွေကို သတို့သမီးမိဘတွေက မင်္ဂလာဆောင်ခန်းဝင်ပစ္စည်းမှန်သမျှ ပြန်ပြင်ဆင်ပေးရပါတယ်။ ဥပမာ- အိပ်ယာခင်း၊ ဗီဒို၊ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊ အိုး၊ခွက်၊ ပန်းကန်၊ အ၀တ်အထည်စသည့်ဖြင့် ၀ယ်ပေးရပါတယ်။

မင်္ဂလာမဆောင်ခင် တစ်နှစ်ရက်မှာ သတို့သမီးက မင်္ဂလာဆောင်အတွက် မိဘအိမ်ကိုပြန်နေရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သားက သတို့သမီးကို ပြန်သွားခေါ်ရပါတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။

မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးကိုပေးလိုက်တဲ့ပစ္စည်းတွေကို သတို့သမီးရဲ့ အဒေါ်တော်စပ်သူက သူ နိုင်သလောက် သယ်ပေးရပါတယ်။ ပြီးရင်သူ့ကို ကန်တော့တဲ့ငွေပြန်ပေးရပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာဘဲ မင်္ဂလာယူပြီးရင် သတို့သမီးရဲ့အဒေါ်တော်စပ်သူတစ်ယောက်ယောက်က သတို့သမီးကို သတို့သားရဲ့မိဘထံပြန်လည်အပ်နှံရပါတယ်။ အပ်နှံတဲ့အချိန်မှာတော့ သတို့သမီးကို လိုအပ်တာရှိရင် ဆုံးမသွင်သင်နိုင်တယ်ဆိုတဲ့ စကားတွေကိုပြောတယ်။ သတို့သမီးကလည်းဘဲ သတို့သားမိဘတွေရဲ့သမီးဖြစ်ကြောင်းကိုပြောပါတယ်။ မင်္ဂလာဆောင်တဲ့ရက်မှာ သတို့သမီးနဲ့ သတို့သားတို့ရဲ့ အိပ်ယာခင်းတွေကို အပျိုသူငယ်ချင်းများက ၀ိုင်းပြီးခင်ပေးပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်အခမ်းနားပြီးသွားလို့ သတို့သမီးနဲ့ သတို့သားကို အိပ်ယာခင်းဖိုးပြန်တောင်းတဲ့ဓလေ့ရှိပါတယ်။ သတို့သမီးနဲ့သတို့သားလည်း သူငယ်ချင်းများပျော်ရွှင်စွာစရာလေးဖြစ်အောင် အိပ်ယာခင်းပေးတဲ့သူငယ်ချင်းတွေ တောင်းတဲ့ငွေမမာဏကို ပျော်ရွှင်စွာနဲ့ဘဲ ပေးပါတယ်။ ဒါတွေကတော့ကတော့ လက်ထပ်မင်္ဂလာထိမ်းမြားတဲ့သူတိုင်းအတွက် ပျော်ရွှင်စရာလေးတွေကို ဖန်တီးပေးတဲ့သဘောပါ။ သတို့သားနဲ့သတို့သမီး ရာသက်ပန်အထိ ပေါင်းသင်းနိုင်ပါစေလို့လည်သူငယ်ချင်းများကး ဆုတောင်းပေးကြပါတယ်။
မင်္ဂလာဆောင်တဲ့အချိန်မှာလဲ ကျာင်းနန်း နဲ့ တာကျောင်း နှစ်ဦးကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ တာကျောင်းဆိုတာက မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာယူရန် မင်္ဂလာစကားကို ဟောကြားပေးတဲ့သူပါ။

သတို့သမီးကိုတင်တောင်းပုံကတော့ မေတ္တာချင်းမျှတဲ့ လူပျိုနှင့်အပျိုတွေက မိန်းခလေးဘက်က တင်တောင်းရန်အတွက် ယောက်ကျားလေးကို တောင်းဆိုနိုင်တယ်။ အထူးသဖြင့် ချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ ပညာတတ်အသိုင်းအ၀ိုင်းက တောင်းရမ်းတာကို ပြုလုပ်လေ့ရှိတယ်။ တောင်းရမ်းတဲ့အချိန်မှာ သတို့သမီးက သူငယ်ချင်းဖြစ်ဖြစ်၊ အဒေါ်ဖြစ်ဖြစ်၊ မိမိအိမ်နီးနားချင်းက တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး သူ၏မိဘတွေကို ဘယ်သူရဲ့သားက သူတို့သမီးကို လာတင်တောင်းမယ်ဆိုတာကို ပြောခိုင်းပါတယ်။
ပြီးမှ သတို့သားဘက်က ကျာင်းနန်းနဲ့ သက်ဆိုင်ရာလူကြီးတွေက သတို့သမီးကို တင်တောင်းပါတယ်။ သတို့သမီးဘက်က လိုချင်သည့်ငွေပမာဏကို တင်တောင်းနိုင်သလို သတို့သားဘက်ကလည်း တင်တောင်းနိုင်တဲ့ငွေမမာဏကို တင်ပြပိုင်ခွင့်ရှိပါတယ်။
မင်္ဂလာမဆောင်မချင်းတော့ သတို့သမီးက သူတို့သားအိမ်ကို သွားနေပိုင်ခွင့်မရှိသလို သတို့သားကလည်းပဲ သတို့သမီးကို မပိုင်ဆိုင်သေးပါဘူး။ တင်တောင်းမယ်ဆိုတဲ့နေ့ကနေစပြီး သတို့သားလည်း သတို့သမီးအိမ်ကိုသွားလို့မရသတို သတို့သားကလည်း သတို့သမီအိမ်ကိုလည်း သွားခွင့်မရှိပါဘူး။ မင်္ဂလာဆောင်တဲ့နေ့ကျရင် သတို့သားက သတို့သမီးကို သွားခေါ်ရတယ်။ သတို့သမီးဘက်က သက်ဆိုင်ရာလူကြီးနဲ့ တာကျောင်းဆုံးမသည့် မင်္ဂလာစကားကို နာကြားပြီးမှ ပြန်လာရပါတယ်။ သတို့သမီးလည်းဘဲ သတို့သားလာခေါ်မှာ လိုက်သွားရတယ်။ မင်္ဂလာဆောင်တဲ့နေ့ကနေစပြီး သတို့သားက သတို့သမီးကို ပိုင်ဆိုင်ခွင့်ရှိတယ်။
မင်္ဂလာဆောင်တဲ့အချိန်မှာ မင်္ဂလာအခမ်းနားတော့ တူပါတယ်။ တင်တောင်းပုံနဲ့ ခိုးသူပုံကသာ အနည်းအကျဉ်းကွာခြားပါတယ်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger