(၁)
ပလောင်လူမျိုးများရဲ့ အဓိကပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီး မာလာယုကျွန်းသို့ ရောက်တော်မူစဉ်အခါက အင်္ဂတိဒေဝ၊ ဇေယျ၊ သသြု၊ ဗါနုဒိဗ္ဗ အမည်ရှိသော နတ်ဘီလူးညီနောင် လေးယောက်တို့က ဟင်္သသာဇလုပ်အတွင်းမှရှိတဲ့ “နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ဆက်သလိုက်ရာ ထိုနတ်သစ်စေ့ကို ပလောင်လူမျိုးများ စိုက်ပျိုးစားသောက်ကြရန် ပေးသနားတော်မူလေတယ်။
ပလောင်တို့ကို မင်းကြီးတွင်ပါလာသော “နိလဗီဇ” သစ်စေ့ကို စိုက်ပျိုးစားသောက်ရန် ပေးသနားတော်မူ၍ ပလောင်လူမျိုးတို့က စိုက်ပျိုးပြီးနောက် အပင်အရွက်ဖြစ်သည့်အခါ ခူးဆွတ်၍ မင်းကြီးထံဆက်သသြသော် မင်းကြီးသည် ထိုသစ်ရွက်တို့ကို စားတော်ခေါ်လေတယ်။ မင်းကြီးမှာ လက်ဖက်ကို စက်တော်မခေါ်နိုင်ဘဲ လက်ဖက်ကိုပိုက်ပြီး နေရသောကြောင့် ထိုသစ်ရွက်ကို လက်ပိုက်ဖက်ရွက်ခေါ်ရာမှ ကာလကြာ၍ “လက်ဖက်ရွက်ကို ” ၄င်းမှာ “လက်ဖက်” ခေါ်သည်ဟုဆိုလေတယ်။
မင်းကြီးပေးသနားတော်မူသော နိလဗီဇ၊ ရသဝသီ နတ်သစ်စေ့ကို ပလောင်အမတ် အမျိုးသားတဦးထံ (တာမောင်ငွိုင်း) ပေးကမ်းတဲ့အခါမှာ လက်တဖက်နှင့် ခံယူတဲ့အတွက်ကြောင့် လက်တဖက်ပင်လို့ စတင်ခေါ် ဝေါ်ခဲ့ကြတယ်။ ကာလကြာပြီး “လက်တဖက်”ပင်မှ “လက်ဖက်ပင်” ၄င်းမှ လဘက်ပင် ဘကုန်းပေါ်လဆင့်၍ “လဖက်” ဟုလည်းရေးထုံးပြုကြလေတယ်။
အလောင်းစည်သူမင်းကြီး လဘက်မျိုးစေ့ပေးသော နေရာအထိမ်းအမှတ်အဖြစ် အဆောက်အဦးအတွင်း၌ မင်းကြီးက လဘက်မျိုးစေ့ ပေးသနားတောင်မူစဉ် “တာမောင်ငွိုင်း”က လက်တစ်ဖက်တည်းခံယူနေတဲ့ပုံ ကျောက်ရုပ်ရှိ ထားတယ်။ ပလောင်ဘာသာနှင့် လဘက်ကို “မြန်း” ရှမ်းဘာသာဖြင့် “နိမ့်” ဟုခေါ်သည်။ အဓိပ္ပါယ်တူဖြစ်ရာ ဇလုပ်ထဲက မျိုးစေ့ဟုဆိုလိုရင်းဖြစ်ပေတယ်။
ရွှေဖီချိန် ဦးဦးဖျားဖျားမှ ရရှိလာသော မိုးလွတ်လေလွတ် လက်ဖက်ခြောက်၊ အချိုခြောက်၊ လက်ဖက်စိုတို့ကို အလောင်းစည်သူမင်းအား ပူဇော်သကြပါတယ်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျေးဇူးကြောင့် ပလောင် လူမျိုးများက လက်ဖက်ကို ကောင်းမွန်စွာဘဝရပ်တည်ရေးအတွက် ဖြေရှင်းနိုင်ခဲသလို လက်ဖက်အထွက်ကောင်း အောင်လည်း အမြဲတမ်း ပူဇော်ပသကြပါတယ်။
(၂)
လက်ဖက်ဖူးပွင့်ရန်အတွက် တပေါင်းလလောက်တွင် မိုးဦးစပြီး ရွာသွန်းပါတယ်။ အဘယ်ကြောင့်ဆိုသော် ကျမတို့ဆီမှာ ပြောလေ့ရှိတာကတော့ ရွှေဖီဦးအတွက် ရွက်နုလေးတွေ ဖူးပွင့်ဖို့ ရွာချပေးသလို ရွှေဖီဦးကို ကြိုဆိုတာဖြစ်ပါတယ်။ လက်ဖက်အဖူး အညွန့်များ မိုးအရှိန်နှင့် လေအရှိန်ကြောင့် ဝေဝေဆာဆာ ဖူးပွင့်လာပါတယ်။
ရွှေဖီချိန်တွင်များသောအားဖြင့် လက်ဖက်ခြံပိုင်ရှင်တွေက လက်ဖက်ဈေးနှုန်းမမှီမှာ တကြောင်း၊ လက်ဖက်ရင့်သွားမှာ ကြောက်တာကတကြောင်း လက်ဖက်ခူးကူဖို့ ဗမာပြည်သူများကို အကူညီတောင်းပါတယ်။ နေရာပေါင်းစုံ ဒေသပေါင်းစုံပဲ သွားခေါ်ကြပါတယ်။ အချို့သောကျတော့ သီပေါရှမ်း၊ ကျောက်မဲရှမ်းတွေကို ခေါ်ပါတယ်။ ရွှေဖီဆိုရင် ကျမတို့ဆီမှာ ပွဲအစီဆုံးဖြစ်သလို လူပေါင်းစုံနဲ့စုပေါင်းပြီး နေထိုင်ကြပါတယ်။
(၃)
ကဆုန်လဆိုရင် ရွှေဖီချိန်ပြီးခါးနီးဖြစ်ပြီး လက်ဖက်နည်းနည်းပါးပါးကျန်တာကို ခူးဆွတ်တဲ့အချိန် ဖြစ်သလို ခါးကန်ကို ကြိုဆိုတဲ့အနေနဲ့ ပိုက်ဆံတတ်နိုင်တဲ့ လက်ဖက်ခြံပိုင်ရှင်တွေက လက်ဖက်ပေါက်၊ ခြံရှင်း၊ လက်ဖက်အပင် ထိပ်ဖျားကို ခုတ်ဖြစ်ထားရပါတယ်။ ကဆုန်လကုန် နယုန်လလောက်ဆိုရင် ခါးကန်ချိန်ပြန်ရောက်လာပြီ။ မိုးရာသီလည်းဖြစ်တဲ့ ခါးကန်ချိန်ဆိုရင် ခူးဆွတ်ဖို့အတွက် တအိမ်ပြီးတအိမ် ကိုယ်နဲ့ရင်းနှီးတဲ့သူနှင့် လှည့်လှယ်ပြီး သူတလှည့် ကိုယ့်တလှည့် သွားလေ့ရှိပါတယ်။ မိုးရာသီချိန်ဖြစ်တော့ လူတွေတော်တော်လေးနဲ့ ပင်ပင်ပန်းပန်း လက်ဖက်ခူး ရပါတယ်။ မိုးဘယ်လောက်ပဲရွာရွာ လက်ဖက်ကို မပြစ်ထားရက်ဘူး။ ဘာဖြစ်လို့ဆိုတော့ ပလောင်တွေရဲ့ အသက်မွေးကျောင်းဟာ လက်ဖက်ဖြစ်တယ်ဆိုတော့ လက်ဖက်ရှိမှ တခြားသော စားသောက်ကုန်ကို ဝယ်စားနိုင် မှာဖြစ်ပါတယ်။ ပျော်စရာလည်း တော်တော်ကောင်းပါတယ်။ ဒေသပေါ်မှာမူတည်ပြီး လက်ဖက်ကို ပြုလုပ်ကြပါတယ်။
(၄)
သတင်းကျွတ်လနှင့် တဆောင်မုန်းလ လောက်ဆိုရင် ခါးကန်ကုန်ခါးနီးချိန်ဖြစ်ပါတယ်။ လက်ဖက်ကုန်ခါးနီးလဲဖြစ်တော့ လက်ဖက်သီးကို စပြီးခူးဆွတ်တယ်၊ လက်ဖက်ပင်ပျိုးထောင်တယ်၊ အပင်သေနေရာများတွင် အစားထိုးစိုက်တယ် အစရှိသည့်တို့ပြုလုပ်လေ့ရှိပါတယ်။ ခူးဆွတ်ပြီးတဲ့လက်ဖက်သီးကို တစ်လ၊ နှစ်လလောက် သိုလှောင်ထားပြီးမှ အချို့ပေါင်းပေါက်ပြီး အပင်ပျိုးကာ ပြန်စိုက်ပါတယ်။ လက်ဖက်ပင်ကို (၃)နှစ်ကြားထားပြီးမှ လိုအပ်တဲ့ နေရာတွင်ပြန်လည်အစားထိုးစိုက်ပျိုးမှုများ ပြုလုပ်ပေးရပါတယ်။ တချို့မှာ လက်ဖက်ခြံထဲရှိ လိုအပ်တဲ့ လက်ဖက်ပင်ပါးတဲ့နေရာကို တတောင်အနက်နဲ့ တပေပတ်လည်ဝန်းကျင်ရှိ အကျင်းများတူးပြီး မျိုးစေ့လေး၊ ငါးစေ့ ထည့်ပျိုးကြပြီး (၃)နှစ်ကြာ အပင်ပေါက်များအား အချို့နှုတ်၍ အခြားနေရာတွင် ပြန်စိုက်များရှိသလို ပြန်မစိုက် သူတွေလဲရှိပါတယ်။ ပြန်စိုက်ရာတွင် အပင်ပေါက်များကို အတော်လေး ဂရုစိုက်ပြုစုပေးရပါတယ်။ ကြမ်းကြမ်း တမ်းတမ်းလည်း ခူးဆွတ်လို့မရပါဘူး။
(၅)
နတ်တော်၊ ပြာသိုနှင့် တပို့တွဲလဆိုရင် လက်ဖက်အရွက်များ အထွက်တိုးစေရန်အတွက် နောက်ထပ်တကြိမ် လက်ဖက်ခြံကိုပေါင်းသင်း၊ ရှင်းလင်းပေးခြင်းကို အပြန်အလှန် အင်အားသုံးပြီးပေါက်ထွင် ရှင်းလင်းပေးရပါတယ်။ ရွှေဖီအလွန်မိုးလက်ဖက်မတိုင်မှီကြားကာလအတွင်း အပင်မြင့်နဲ့ ခူးဆွတ်ရန်ခက်ခဲတဲ့လက်ဖက်ပင်များကို (၇)နှစ် တကြိမ်ချိုင်းပြီး နောက်ထပ်(၃)နှစ်စောင့်၍ ကောင်းကောင်းခူးရပါတယ်။ လက်ဖက်ကို ခူးလွယ်ရန်ဖြစ်သလို အိုသော အပင်ကိုပြန်လည် နုပျိုးလာအောင်လည်းချိုင်းပေးခြင်းဖြစ်ပါတယ်။ လက်ဖက်ခုတ်ထိလိုက်လျှင် လက်ဖက်အထွက် ကောင်းအောင်ဖြစ်ပါတယ်။
၎င်းရာသီကိုလည်း တနှစ်ပတ်လုံး လိုအပ်သော ထင်းများခုတ်ခြင်း၊ အိမ်အရောက် လူအားနဲ့သော်လည်းကောင်း၊ နွား၊ မြင်းအစရှိသည့်တို့ကို အသုံးပြုပြီးသယ်ရပါတယ်။ ဒီအချိန်ဆိုရင် လူတွေက တော်တော်လေးကိုပင်ပန်းတဲ့ ရာသီဖြစ်ပါတယ်။ ဟင်းသီး၊ ဟင်းရွက် မစိုက်တဲ့အချိန်ဖြစ်သလို အလွန်ခြောက်သွေ့တဲ့ရာသီဖြစ်ပါတယ်၊၊ ဤ ရာသီကို ဝင်ငွေမရှိတဲ့အချိန်လို့ ပလောင်လူမျိုးများသည် အလွန်ဆင်းရဲသောအချိန်ဖြစ်ပါတယ်။
(၆)
လက်ဖက်ခြောက်လုပ်ပုံလုပ်နည်း လက်ဖက်လုပ်ပုံလုပ်နည်းမှာ ဦးစွာလက်ဖက်အပင်မှ လက်ဖက်ရွက်များအား ခူးဆွတ်ရမည်။ ၄င်းအရွက်များကို ရေနွေးငွေ့အသုံးပြုကာ ပေါင်းချောင်အတွင်း ထည့်၍ပေါင်းရမည်။ အရွက်များ လိမ်စေရန် အဖန်ဓါတ်များလျော့စေရန်အတွက် လှိမ့်ပေးရမယ်။ ပြီးတော့ အခြောက်ဖြစ်လာစေရန်အတွက် ဖျာများ ပေါ်တွင်နေလှန်းပေးရမည်။ မနက်မိုးမလင်းခင် ၅-၆ နာရီတွင် စလှန်ပြီးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် ပလောင်လူမျိုးများက လက်ဖက်သွားခူးတဲ့အချိန်ဖြစ်ပါတယ်။ ၄င်းအခြောက်များမှ အကောင်း (အမာ)နှင့်အပွ (အရင့်) ရောနေသော လက်ဖက်များအား သီးသန့်စီပြန်ခွဲရဦးမယ်။ ပြီးတော့ လက်ဖက်အညွန့် စင်းစင်းလေးများဖြစ်လာရန်အတွက် ၄င်းအား စကာကျဲများဖြင့် ပြန်ချပေးပါတယ်။
လက်ဖက်ခြောက်လုပ်ငန်းအား အဓိကအားဖြင့် ရွှေဖီချိန်တွင်သာ ပြုလုပ်ကြပြီး ခါးကန်ချိန်တွင် လက်ဖက်စို၊ လက်ဖက်လှော်စက်များဖြင့် အချိုခြောက် လက်ဖက်သာလျှင် ပြုလုပ်ကြ ပါတယ်။ ပျှမ်းမျှအားဖြင့် လက်ဖက်စို ၃ ပိသာကို လက်ဖက်ခြောက် (အဖန်သောက်) ပြုလုပ်လျှင် တပိသာ ထွက်ပါတယ်။ ရွှေဖီဦး (သို့) ရွှေဖီမိုးလွတ်၊လေလွတ် လက်ဖက်ခြောက်ဟာ အရောင်အဆင်းတောက်ပြောင်ခြင်း၊ သေးငယ်ခြင်း၊ လက်ဖက်ခြောက် အရိုးတံကလေးများပေါ်တွင် ငွေခြည်ရောင်ခေါ်သော အဖြူရောင်အစင်း ကလေးများပါခြင်း၊ လက်ဖက် ရိုးတံကလေးတွေ ခတ်များများသာ ပါရှိသောကြောင့် လက်နှင့်ဆုပ်ကိုင်ကြည့်လျှင် ဆူးများစူး သကဲ့သို့ရှိပြီး အခြားအမျိုးအစား လက်ဖက်ခြောက်များထက် အလေးချိန်ပို၍စီးခြင်း၊ ဖျဉ်ခြင်းချုပ်သော အပ်နဖျားပေါက်တွင် ထည့်သွင်းဝင်ရောက်သော ပုရစ်ဖူးကလေးများစွာ ရှိသည့်အပြင် ဖြူး၊ ပြောင်၊ မာ၊ သေး၊ ရသာ ချဉ်ဖန်မွှေးဟူသော ဂုဏ်ရှစ်မျိုးနှင့်လည်း ပြည့်စုံလှပါတယ်။ အရည်မလင့်ကြိုသဖြင့်ကား ဝါကျင့်လျှံ ရွှေရည်ကြံရှိသလို ပျားရည်စံ မျှရှိပါတယ်။
လက်ဖက်ခြောက်ကို တဝသောက်သုံးသူများ အဆိပ်အတောက်ကို ပြေစေခြင်း အမောအပန်းကို ပြေစေခြင်း၊ စိတ်နှလုံးကြည်လင်စေခြင်း၊ သွေးအားလေအားနည်း နေသူများကို လေအားသွေးအားကောင်းစေနိုင်ခြင်း၊ ဆီး ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်ခြင်းစတဲ့ အစွမ်းသတ္တိများနဲ့လည်း ပြည့်စုံပါတယ်။
သင်္ကြန်ကျပြီးနောက် ၁၅ ရက်အတွင်းခူး၍ ပြုလုပ်သော လက်ဖက်ခြောက်ကို “ရွှေဖီရွက်သား” လို့ခေါ် တတ်ကြပါတယ်။ လက်ဖက်ခြောက်ကောင်းဆိုလျှင် နမ့်ဆန်မြို့နယ် တောင်ကျော်ကျေးရွာနှင့် ဟွမ်ဟဲကျေးရွာတွင် အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။
(၇)
ပလောင်လူမျိုးများသည် လက်ဖက်ခြောက်ပြုလုပ်တဲ့အပြင် လက်ဖက်စိုကိုလည်း မြောက်များစွာ ပြုလုပ်ကြပါတယ်။ လက်ဖက်စိုများအနက် နမ့်ဆန်မြို့နယ် ဇယန်းကြီးအရပ်မှထွက်သော လက်ဖက်ကိုသာ အကောင်းဆုံးဟု သတ်မှတ်ထားပါတယ်။ ဇယန်းကြီးအရပ်မှ မြေသြဇာ အကောင်းဆုံးဖြစ်တယ်။ နေရောင်ခြည်စ၍ ထွက်လျှက်ထွက်ခြင်း လက်ဖက်ပင်များအတွက် လိုအပ်သော အပူရှိန်ကိုလည်း မှန်မှန်ရရှိတယ်။ ရွာချသော မိုးရေလည်း လက်ဖက်ပင်များအောက်တွင် ဝပ်မနေဘဲ လျှောကျသွားစေနိုင်တဲ့ သဲမြေ၊ ကျော်ကစရစ်ခဲမြေ၊ အခံဓါတ်နဲ့ အအေးဓါတ်များရှိပါတယ်။ အရပ်လေးမျက်နှာ (သို့) အရပ်ရှစ်မျက်နှာမှ တိုက်ခတ်သော လေပြင်းမုန်တိုင်း ဒဏ်များကို မထိခိုက်နိုင်ရန် တောင်များကလည်း ပတ်လည်ဝိုင်း၍ ကာကွယ်ပေးလျက်ရှိတယ်။ ထိုသို့သော ပထဝီအနေအထားကို အကြောင်းပြု၍ ဇယန်းကြီးအရပ်မှ လက်ဖက်မှာ အကောင်းဆုံးဟု သတ်မှတ်ကြပါတယ်။
လက်ဖက်စိုလုပ်နည်းမှာ လက်ဖက်စိုလုပ်နည်းမှာ လက်ဖက်ပင်မှ မနုမရင့်ကျင့်ကျင့်။ ငါးထွေးရွက် လက်ဖက်ရွက်များကို ခူးယူရပါတယ်။ ခူး၍ပေါင်းပြီး နယ်ကာမြေကျင်းထဲရှိ နှီးနှင့်ရက်လုပ်ထားသော ပုတ်ထဲသို့ ထည့်ရတယ်။ ပြီးတော့ ဂုတ်နှိပ်သိပ်ထားကာ ဖျာကြမ်းများဖုံး အုပ်လျက် မြေဓါတ်နှင့် နှပ်ထားရပေသည်။ လက်ဖက်စို ပြုလုပ်တဲ့အချိန်မှာ အိပ်ရေးအရမ်းပျက်ပါတယ်။ ည ၈ နာမှ ၁ နာရီအထိ လက်ဖက်ပေါင်း လှိမ့်ပေးရတယ်။ လူအင်အားနဲ့ လှိမ့်ပေးရတယ်။ ရနံ့သင်း၍ ဖန်ချိုအရသာရှိသော လက်ဖက်ခြောက်နှင့် လူတကာလျှာလည်အောင် အရသာကောင်းသည့် လက်ဖက်စိုများအားပြုလုပ်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ခေတ်မှီဖွံ့ဖြိုးမှု မရှိသောကြောင့် လူအင်အားဖြင့်သာ နေရာတကာ လုပ်နေရသော ပလောင်လူမျိုးများအတွက် ပင်ပန်းလှပါတယ်။
(၈)
လက်ဖက်ခြောက်၊ လက်ဖက်စိုများကို မြန်မာပြည်အနှံ့တွင် ဆိုင်များတွင် တင်ပို့ရောင်းချပါတယ်။ အချို့မှာ မိမိရွာတွင်းရှိ ပလောင်ပွဲစားများ၊ တရုတ်ပွဲစားများထံ ရောင်းချပြီး တရုတ်နယ်စပ်ရှိ ပလောင်များမှာလည်း တရုတ်ပြည်ဘက်သို့သွား၍ ရောင်းချကြပါတယ်။ တချို့များသောအားဖြင့် မြန်မာပြည်အောက်ပိုင်း၊ အထက်ပိုင်း၊ အလယ်ပိုင်းရှိ လက်ဖက်ကုန်သည်များ ပွဲစားများက လာရောက် ဝယ်ယူသူများထံ ရောင်းချပါတယ်။ တချို့ငွေကြေး တတ်နိုင်သူများ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့ ဆင်းပြီးကိုယ်တိုင် ရောင်းချပါတယ်။
နိဂုံးချုပ်နေနဲ့- “လက်ဖက်ကောင်းစားလိုလျှင် ပလောင်တောင်တက်နှေး” “လက်ဖက် ကောင်းစားချင်လျှင် ပလောင်တောင်တတ်နေရမယ်” ဟု စကားပုံအရ တင်စားခေါ်ဝေါ်ကြပါတယ်။
မယ်တို့ပလောင် စာအုပ်တွင် ကိုးကားရေးသားထားပါသည်။
0 comments:
Post a Comment