DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, May 30, 2011

နမ့်ဆန်မြို့တွင်း နွား၊မြင်းများ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခံရ

နမ့်ဆန်မြို့တွင်း တိရစ္ဆာန်များဖြတ်သန်းသွားခွင့်မပြုသည့် အမိန့်ကြောင့်ကျေးရွာအသီးသီးမှ နွား၊လား၊မြင်း တို့ဖြင့် လက်ဖက်နှင့် အခြားကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသော ဒေသခံများ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နမ့်ဆန်မြို့သည် လမ်းမကြီးတခုတည်းသာရှိပြီး ယခုလိုစည်းကမ်းချက်သည် တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့ပြီးနောက်ပိုင်း ပထမဆုံးချမှတ်သည့်စည်းကမ်းဖြစ်ပြီး၂၀၁၁၊မေလ(၂) ရက်နေ့မှ စ၍ နံနက် (၇)နာရီမှ ညနေ (၄)နာရီအထိ မြို့တွင်း မြင်း၊နွား၊လားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

"ကျနော်တို့လက်ဖက်တွေကို ရွာကနေ မြင်းနဲ့သွားပို့ရတယ်၊ အခုလိုစည်းကမ်းထုတ်ထားတော့ ခက်တာပေါ့၊ မနက် (၇)နာရီမထိုးခင် မြို့ကိုအမှီဖြတ်ဖို့ မိုးမလင်းခင်ကတည်းကသွားရတယ်၊ ပြန်လာဖို့လည်းညနေ (၄)နာရီ မကျော်မချင်း စောင့်နေရတယ် ဘယ်လိုမှကို အဆင်မပြေဘူး လမ်းကလည်းဒီတလမ်းပဲရှိတာ" ဟုရွာသားတစ်ဦး မှပြောပြခဲ့သည်။

နမ့်ဆန်လက်ဖက်ကုန်သည်များမှ လားရှိုးတိုင်းမှုးထံသို့ ယခုစည်းကမ်းချက်သည် နမ့်ဆန်ဒေသတွင်း ဖြစ်နေတဲ့ အခြေအနေအရ လုံးဝမကိုက်ညီကြောင်း၊ အနီးအနားရွာတွေဟာ မြင်း၊နွား၊လားများကိုသာ အားကိုးပြီးမြို့ပေါ်သို့  လက်ဖက်တွေတင်ပို့ရပြီး၊လိုအပ်သည့် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ပြန်လည်တင်ဆောင်ရကြောင်းကို စာတင်ထားသည်။ သို့သော် တိုင်းမှုးထံမှတစုံတရာ  အကြောင်းပြန်ခြင်းကိုမူ ယခုချိန်ထိမတွေ့ရှိရသေးပါ။

ယခုစည်းကမ်းချက်ကို နမ့်ဆန်မယကဥက္ကဌမှ ကျောင်းသူ၊ကျောင်းသားများ ကျောင်းတတ်ချိန်တွင် အနှောက်အယှက်ဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့်ထုတ်ပြန်ထားတာဖြစ်ပြီး လိုက်နာမှုမရှိပါက ဒဏ်ငွေ(၁၀,၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger