DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, May 20, 2011

သစ်တော့ပြုန်းတီးမှုကြောင့် သောက်သုံးရေရှားပါးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တ၀ိုက်ရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ ရှားပါးလာကြောင်း သိရှိရပါသည်။ ရေရှားပါးလာရခြင်း အဓိကအကြောင်းအရင်းမှာ သစ်တောများပြုန်းတီးလာမှုကြောင့်ဖြစ်ကြောင်း ဒေသခံရွာ သားတစ်ဦးမှ ပြောပြပါသည်။


“ကျွန်မတို့ရွာမှာ အရင်ကဆိုရင် တောတောင်တွေအများကြီးရှိတယ်။ စိမ်းလန်းစိုပြေနေတယ်။ ရေတွေလည်းပေါလွန်းလို့။ အခုတော့ မိုးရွာမှဘဲ ရေရတော့တယ်။ တောတွေထဲမှာလဲ သစ်ပင်တွေမရှိတော့ဘူး။ တောထဲက ရှိသမျှ သစ်တွေခုတ်ပြီး မီးသွေးဖုတ်တယ်။ မိသားစု စားဝတ်နေရေး ပြဿနာကို အဲဒါနဲ့ပဲ ဖြေရှင်းနေရတာကို။ တောင်တွေမှာက သစ်ပင်တွေမရှိတော့ စမ်းချောင်းတွေလဲ ကောင်းကောင်းမရှိတော့ဘူးလေ တောင်ကျစမ်းချောင်းရေကိုပဲ သောက်ရေအဖြစ်နဲ့အားကိုးရတာဆိုတော့ စမ်းချောင်းတွေမရှိတော့ သောက်ရေမရှိသလောက်ဖြစ်လာတယ်။ မီသွေးဖုတ်လွန်းလို့ ထင်းလုပ်ဖို့သစ်တောင်မရှိတော့ဘူး။ အခုထင်းခုတ်ဖို့အတွက်တောင် မရှိသလောက်ရှားနေပြီ။ တောင်တွေဆိုလဲ တောင်ကတုန်းတွေဖြစ်ကုန်ပြီ။ သစ်ပင်ကြီးကြီးတွေဆိုလဲ မရှိတော့သလောက်ပဲ။ အခုဆိုရင် ဒီဘက်မှာ သစ်ပင်တွေမရှိတော့ တခြားမှာသွားပြီး မီးသွေးဖုတ်ကြတယ်။ ကချင်နယ်ဘက်မှာသွားပြီး မီးသွေးဖုတ်ကြတာ။ သစ်ပင်ကြီးတွေမရှိတော့ ရာသီဥတုလည်း မကောင်းတော့ဘူး၊ ဒ်ီနွေမှာဆို မိုးခဏခဏရွာတယ်လေ။ ရွှေဖီချိန်ဆိုရင် အရင်က လက်ဖက်တွေခူးနေပြီလေ အခုတော့ မိုးခဏခဏရွာလို့ လက်ဖက်လည်းကောင်းကောင်းခူးလို့မရဘူး။ ရွာမှာမီးသုံးဖို့ကို ချောင်းကြီးကရေတွေအားကိုးရတယ်လေ အခုချောင်းကြီးရေကလည်း မီးပေးလို့မနိုင်တော့ဘူး။ အရင်က တရွာလုံးချောင်းကြီးက ရေးအားလျှပ်စစ်နဲ့ မီးရတယ်။ အခုဆိုရင် ကျမတို့ သုံးလေးအိမ်စုပြီးမှ ကိုယ့်နီးစပ်ရာချောင်းမှာ မီးစက်ဝယ်ပြီးမီးယူရတယ်။ သောက်သုံးရေလည်းရှားနေပြီ။ ကျမတို့ဆီမှာ အရင်က စမ်းရေ(သောက်ရေ) ပေါသလောက် အခုတော့ ရေကရှားနေပြီ။ အခု ကျွန်မတို့ရွာအတွက်သောက်ရေအဆင်ပြေဖို့ဆိုပြီး Care Myanmar နဲ့ UNICEFက ရေသွယ်ပေးဖို့လုပ်နေတယ်၊ သူတို့က ကုန်ကျစရိတ်ကို ထောက်ပံ့ပေးတယ်။ ကျွန်မတို့ရွာသူ၊ ရွာသားတွေက လုပ်အားပေးရတာပေါ့နော်။ ရေသွယ်ရမဲ့နေရာလည်း အဝေးကြီးဘဲ။ ၂-၃ပတ်အတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ပြောတယ်။


ထို့အပြင် အခုရာသီမှာ လယ်သမားတွေ လယ်စ၀င်ရမည့်အချိန်ဖြစ်နေသဖြင့် လယ်သမားများ ရေအခက်အခဲကြုံရမည်ကို စိုးရိမ်နေကြသလို ရွာသူ၊ရွာသားများသည်လည်း လယ်သမားများ လယ်လုပ်လျှင် ရပ်ရွာထဲရေမလာမည်ကို စိုးရိမ်နေကြသည်၊


“လယ်သမားတွေဆိုရင် လယ်လုပ်ရမဲ့အချိန်ရောက်နေပြီ။ လယ်လုပ်ရင်တော့ ရေပိုရှားမယ်။ အားလုံးက ချောင်းရေကိုဘဲ အားကိုးနေရတယ်။”ဟု ထိုရွာသားမှ ဆက်လက်ပြောပြခဲ့ပါသည်၊

 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger