DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, May 17, 2011

ဂတ်(စ်)ပိုက်လိုင်းယာယီမှတ်တိုင်များ ရှမ်းမြောက်အတွင်းစတင်


၂၀၁၁ခုနှစ်၊ ဧပြီလ ဒုတိယပတ်မှစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်ပြည်သို့ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံ-နမ္မတူ-မိုင်းမော်အထိဂတ်(စ်)ပိုက်လိုင်းယာယီငုတ်တိုင်များ၊ အမှတ်အသားများ စိုက်ထူနေကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။ မန်စံ-နမ္မတူကြားဂတ်(စ်)ပိုက်လိုင်းလမ်းတလျောက်အတွင်းမန်စံ၊မိုင်းမုအနောက်ဘက်ခြမ်း၊ လုံမိတ် အနောက်ဘက်ခြမ်း၊ ကောင်းဟုန်းအနောက်ဘက်ခြမ်း၊ မန်မိုင်အနောက်ဘက်ခြမ်း စသည့် ကျေးရွာပေါင်း(၁၅)ရွာရှိရာဂတ်(စ်)ပိုက်လိုင်း ယာယီမှတ်တိုင်များစိုက်ထူမှုကြောင့် လယ်ယာမြေများ၊ စိုက်ပျိုးရေးခြံများစသည့်တို့ သိမ်းဆည်းခံရနိုင်ကြောင်း သိရှိပါသည်။
မန်စံနှင့်နမ္မတူကြားရှိ ဆန်ခါးရွာသားတစ်ဦးမှ ဂတ်(စ်)ပိုက်လိုင်းလမ်းကြောင်းသည် ၄င်းတို့ရွာအလယ်တည့်တည့်ကို ဖြတ်သွားမည်ဖြစ်ကြောင်း၊ ဧပြီလလယ်ကတည်းက ယာယီမှတ်တိုင်တွေ လာစိုက်ပြီးသွားပြီဖြစ်ကြောင်းပြောပြခဲ့သည်။
နောက်ဒေသခံတစ်ဦးမှ "နမ္မတူမှ မိုင်းမော်အထိလည်းယာယီတိုင်တွေ စိုက်ပြီးသွားပြီ၊ သူတို့ဆက်လက်ပြီး ဒီရွှေလီဓါတ်အား လိုင်းတစ်လျောက်ထပ်မံတိုင်းတာမှုဆက်လုပ်မယ်လို့လဲ သတင်းကြားရတယ်၊ မိုင်းနမ့်ပန်လေး ကျေးရွာ အရှေ့ဘက်ရှိ ခြံပိုင်ရှင် ဦးအိုက်ယေ့(ဧက၂၀ခန့်)နှင့် ကူန်ပန်းအောင်(ဧက၂၀) တို့ခြံမှာလည်း မှတ်တိုင်တွေလာစိုက် သွားတယ်" ဟု ပြောပြခဲ့ပါသည်။
ယခုလက်ရှိ နမ္မတူ-မိုင်းမော်ထိလမ်းတလျောက်အတွင်း ကျေးရွာပေါင်း (၁၀) ရွာကိုဖြတ်သန်းသွားမည့်ဖြစ်ပြီး နောက်ထပ်ရွာပေါင်း ဘယ်လောက်ထပ်မံပြီး ဖြတ်သွားမည်ကိုဒေသခံများက စိုးရိမ်းနေကြကြောင်းနှင့် ၎င်းဂတ်(စ်)ပိုက် လိုင်းများကို တိုင်းတာရန်အတွက် အဓိကတရုတ်အင်ဂျင်နီယာတစ်ဦး နှင့်အစိုးရဝန်ထမ်း(၂)ဦးပါဝင်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း ဂတ်(စ်)ပိုက်လိုင်းဖြတ်သန်းသွားမည့် လမ်းတစ်လျောက်တွင် တအာင်း(ပလောင်)လူမျိုး အများစုနေထိုင်ပြီး ကချင်နှင့်ရှမ်းစသည့် တိုင်းရင်းသားများလည်းနေထိုင်ကြသည်။ ၎င်းဂတ်(စ်)ပိုက်လိုင်းဖောက်လုပ် သွားပါက ပြည်သူများပိုင်ဆိုင်သည့် လယ်မြေများ၊ လက်ဖက်ခြံများ။ ဟင်းသီးဟင်းရွက်ခြံများ သိမ်းဆည်းခံရမှုများ တိုးပွားလာနိုင်ကြောင်း သိရှိရပါသည်။
သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားများနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger