DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, March 29, 2011

ပလောင်ဒေသတွင် ရှမ်းပြည်တပ်မတော်နှင့် နအဖတပ် တိုက်ပွဲဖြစ်



မတ်လ ၂၈ ရက်နေ့ မနက် ၁ဝနာရီအချိန်တွင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အား နအဖ စစ်တပ်များ ထိုးစစ်ဆင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ ပလောင်ရွာများဖြစ်သည့် မန်လောင်နဲ့ မန်ငိုင်ကြားတွင် တိုက်ပွဲငယ်များဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

အင်အား ၇ဝ မျှရှိသည့် ရှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ရှမ်းပြည်တပ်မတော်မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်းသိရှိရပါသည်။ နအဖဘက်မှ အင်အား မည်မျှရှိသည်၊ အကျ အဆုံးမည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။ ယခုအခါ နအဖဘက်မှ တပ်အင်အားများကို ရသမျှ ပြန်လည် စုစည်းနေကြောင်း ဒေသခံများပြောပြချက်အရသိရှိရပါသည်။

“မနေ့တုန်းက နမ္မတူက နအဖစစ်ကြောင်းနဲ့ ရှမ်းပြည်တပ်မတော်တို့တို့က မန်လောင်နဲ့ မန်ငိုင်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်တပ်အင်အားတော့ ၇ဝ လောက်ရှိတယ်။ နအဖတပ်ဘက်ကတော့ ဘယ်လောက်ရှိမှန်း မသိသေးဘူး။ မနေ့တုန်းက တိုက်ပွဲဆိုရင် နာရီဝက်ကြာတယ်။ အဲ့တိုက်ပွဲမှာ ရှမ်းတပ်ဘက်က တစ်ယောက်တော့ ကျသွားတယ်။ အခုဆို ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ နအဖတပ်တွေ အကုန်လုံး ပြန်စုနေကြကုန်ပြီ။ ပြီးတော့ ရှမ်းတပ်တွေကိုလည်း  အားလုံးဝိုင်းထားကြတယ်။ နအဖ မန်တုန်တပ်ရင်း (ခလရ-၁၃ဝ) ဆိုရင်  မန်တုန်က လမ်းကြိုလမ်းကြားတွေ အကုန်လုံးမှာ သူတို့တပ်တွေကိုချထားတယ်။ ထိုးစစ်တွေထပ်ဆင်ဖို့ နအဖဘက်က အဆင်သင့်ပြင်ထားတယ်။  ပြီးတော့ နောင်ချိုဘက်ကတပ်တွေလည်း နမ့်ဆန်အထိတက်လာပြီးတော့ အင်အား လာဖြည့်တယ်”ဟု မျက်မြင်သက်သေတစ်ဦးမှ ပြောပြခဲ့ပါသည်။

ယမနေ့က တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် နောင်ချိုစစ်တပ်မှ အင်အား (၅ဝ) ရှိ စစ်ကား သုံးစီးဖြင့် ချက်ချင်းရောက်ရှိ လာကာ နမ့်ဆန်တစ်ဝိုက်ရှိ ကားသမားများနှင့်ကားများကို ပေါ်တာဆွဲပြီး မန်မိုင်၊ မန်ကွိုင်အထိ လိုက်လံ ပို့ဆောင်ခိုင်းကြောင်း ရွာသားတစ်ဦမှ ပြောပြခဲ့ပါသည်။

“မနေ့တုန်းကဆိုရင် နာရီဝက်လောက် တိုက်ပွဲဖြစ်ပြီးတော့ နောင်ချို တပ်ရင်းက နမ့်ဆန်ကို အင်အား (၅ဝ) လောက် ကား ၃ စီးနဲ့ ညနေသုံးနာရီလောက်က တက်လာတယ်။ တက်လာပြီး ရောက်တာနဲ့ နမ့်ဆန်မှာရှိတဲ့ တွေ့တွေ့သမျှ အားတွေနဲ့ ကားဆရာတွေကို ပေါ်တာဆွဲတော့တာပဲ။ ပေါ်တာဆွဲခံရတဲ့ ကားတွေက သူတို့ကို မန်မိုင်၊ မန်ကွိုင်အထိ လေးနာရီလောက်မှာ လိုက်ပို့ပေးရတယ်။ ကားလမ်းက အဲ့အထိပဲပေါက်တယ်လေ။ ပြီးတော့ သူတို့ဘာသာသူတို့ ဟိုငွေရွာနဲ့ ဟိုဆာရွာအထိ ခြေလျင် ထက်လျှောက်သွားကြတယ်။”

ရွှေဖီချိန်ဖြစ်သော်ကြောင့် လက်ဖက်ခြံများတွင် သွားရောက်အိပ်စက်ရသည့်အချိန်ဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ပွဲများဖြစ်နေသောကြောင့် လက်ဖက်တောင်သူများမှာ လက်ဖက်မခူးနိုင်တော့ပဲ စစ်ရှောင်ဖို့အတွက်သာ အလန့်တကြား ပြင်ဆင်နေကြပါသည်။

“အခုချိန်က ရွှေဖီချိန်ဆိုတော့လေ ရွာသားတွေက ကိုယ်စီကိုယ်စီ လက်ဖက်ခြံတွေမှာ အိပ်ပြီး လက်ဖက်တွေ ခူးကြတာ။ ဒါပေမဲ့ တိုက်ပွဲတွေက ဖြစ်နေတော့ ရွာသားတွေ လက်ဖက် မခူးရဲကြတော့ဘူး။ ပြီးတော့ ရွာသားက အရမ်းကြောက်ကြပြီး လက်ဖက်မခူးရဲတော့ပဲ စစ်ရှောင် စစ်ပြေးဖို့ပဲ ပြင်ဆင်နေကြတယ်”ဟု ဒေသခံ ရွာသူတစ်ဦးမှ ပြောပြခဲ့ပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန် နှင့် မန်တုန် တစ်ဝိုက်အတွင်း တိုက်ပွဲများ မဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ပွဲများပြန်ဖြစ်လာရခြင်းမှာ တိုက်ပွဲများ အဆက်မပျက် ဖြစ်ပေါ်လာမည့်အသွင်ဆောင်နေပါသည်။
 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger