DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, April 21, 2011

လက်ဖက်ဈေးနှုန်း မကောင်းသည့်အတွက်ကြောင့် ပလောင်ပြည်သူလူထုများ စိတ်ပျက်မိ

ရှမ်းပြည်မြောက်ပိုင်းတွင် ရွှေဖီဦးလက်ဖက်သည် ခါတိုင်းနှစ်ထက် မတူဘဲ လက်ဖက်အထွက်နှုန်းပိုများသော်လည်း လက်ဖက်ဈေးများ မကောင်းသလို ဝယ်ယူလိုသူများလည်း နည်းပါးသည်ဟု သိရှိရပါသည်။ နမ့်ဆန်မြို့နယ်တွင် ခါတိုင်းနှစ် ပွဲစားများသည် လက်ဖက်ရွက်စိမ်း၊ လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အလုအယက်ဝယ် ယူကြပါသည်။ ဤနှစ်တွင် လက်ဖက်ဝယ်သူ အလုပ်အယက် မရှိသည့်အပြင် လက်ဖက်ဈေးနှုန်းကို ဈေးနိမ့်ပြီး ပေးကြသည်ဟု ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။ 

နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက်တစ်ပိဿာလျှင် ၃၅ဝဝကျပ်နှင့် ၄ဝဝဝကျပ်အကြားတွင် ရှိပြီး နမ့်ခမ်းမြို့နယ်တွင် ရွှေဖီဦးစပေါ်သည့်အချိန်တွင် လက်ဖက်ခြောက်တစ်ပိဿာလျှင် ၄ဝဝဝကျပ် ဝန်းကျင်ရှိပြီး သင်္ကြန်ပြီးသည့် နောက်ပိုင်းတွင် ၂၅ဝဝကျပ်နှင့် မန်တုန်မြို့နယ်တွင် တစ်ပိဿာလျှင် ၁၅ဝဝကျပ် ရှိပါသည်။ လက်ဖက်စိုသည် ပေါက်ဈေးမရှိဟု သိရှိရပါသည်။

“ လက်ဖက်ဈေးတွေ မကောင်းဘူးဟေ့။ လက်ဖက်ဝယ်တဲ့သူတွေ သိပ်မရှိဘူး။ ပြီးတော့ အကမရှိတဲ့သူတွေဆိုရင် လက်ဖက်စိုတွေပဲ လုပ်ကြတယ်။ လက်ဖက်စိုက အကြာကြီးထားလို့ရတယ်လေ။ လက်ဖက်စိုက ပေါက်ဈေးတောင် မရှိဘူး။ လာဝယ်တဲ့သူတစ်ဦးတစ်ယောက်တောင် မရှိဘူး။ ရွက်စိမ်းဆိုရင် ပြောမနေနဲ့တော့။ ရွှေဖီ စစတုန်းဆိုရင် ၈ဝဝလောက်ရှိသေးတယ်။ အခုဆိုရင် ၃ဝဝတဲ့။ လက်ဖက်ခြောက်ဆိုရင် ၃၅ဝဝ စိတ်ပျက်ဖို့ကောင်းပါတယ်။ ကုန်ဈေးနှုန်းတွေလည်းဈေးကြီး၊ အစစအရာရာ ဈေးတွေတက်ပြီး လက်ဖက်ဈေးတော့ မတက်ဘူး” ဟု နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။ 

လက်ဖက်ဈေးလည်းမကောင်းသည့်အပြင် ရွှေလီမီးကို မယူမနေရ အိမ်တိုင်းလိုလို ယူနေရသည့်အတွက်ကြောင့် အကြွေးမကျေကြမှာလည်း စိုးရိမ်နေကြသည်ဟု “ ကျမတို့ ဒီနှစ် အကြွေးမကြေမှာ အရမ်းစိုးရိမ်တယ်သိလား။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ဈေးကလည်း မကောင်းဘူး။ ရွှေလီမီးလဲ ယူထားရတယ်။ မယူလို့လည်း မရဘူး။ မီးကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ခွဲပြီး ပေးကြတယ်။ ပထမအဖွဲ့တော့ မီးရပြီ။ လမ်းဘေးမီးလဲ လင်းနေပြီ။ ကျမတို့က နောက်ဆုံးအဖွဲ့ဆိုတော့ မီးဆင်တာအပြီးအစီး ၆သိန်း ၅သောင်းလောက်ပေးရတယ်။ ဒီဟာကို ကဆုန်လကုန်ရင် အကုန်လုံးပေးရမယ်။ ဒီနှစ်လဲ ဘယ်လိုပဲဖြစ်ဖြစ် အကြွေးတော့ ကြေနိုင်မှာ မဟုတ်တော့ပါဘူး” နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။ 

နမ့်ဆန်မြို့နယ်နှင့် မန်တုန်မြို့နယ်တွင် သင်္ကြန်မတိုင်ခင်ကာလတွင် လက်ဖက်ရွက်စိမ်းဈေး တပိဿာလျှင် ၈ဝဝကျပ်ရှိပြီး သင်္ကြန်ပြီးသည့်အတောအတွင်းတွင် ၆ဝဝကျပ်နှင့် သင်္ကြန်ပြီးသည့်နောက်ပိုင်းတွင် ရွက်စိမ်းဈေးသည် ၄ဝဝကျပ်မှ ၃ဝဝကျပ်အထိ ထိုးစီးဆင်းခဲ့ပါသည်။

မန်တုန်ရွာခံတစ်ဦး “ အခုဆိုရင် ရွက်စိမ်းဈေးက ၃ဝဝပဲ ရှိတော့တယ်။ ရွက်စိမ်းကတော့ ဘယ်သူမှ သိပ်ပြီး မရောင်းကြတော့ဘူး။ လက်ဖက်ခြောက်ပဲ လုပ်နေကြတယ်။ လက်ဖက်ခြောက်တောင်မှ ၁၅ဝဝဈေးပဲ ရှိတယ်။ လက်ဖက်ကတော့ အထွက်များပါတယ်။ လက်ဖက်ဈေးနှုန်းပဲ မကောင်းတာ။ စိတ်ညစ်ပါတယ်”

နမ့်ခမ်းမြို့နယ်ရှိ လက်ဖက်တောင်သူများသည် လက်ဖက်ရွက်စိမ်းနှင့် လက်ဖက်စိုကို ပြုလုပ်လေ့မရှိဘဲ လက်ဖက် ခြောက်ကိုသာ အဓိကထား၍ ပြုလုပ်ကြပါသည်။ လက်ဖက်ဈေးမကောင်းသည့်အတွက်ကြောင့် ပြုလုပ်ထားသော လက်ဖက်ကို ပွဲစားများ လာဝယ်ကြပေမယ့် ရောင်းထွက်လိုချင်မရှိဟု “ဒီနှစ်က လက်ဖက်အရမ်းပေါ်တယ်။ သင်္ကြန်အတောအတွင်းဆိုရင် လူတွေတောင် သိပ်ပြီး မနားရပါဘူး။ လက်ဖက်အလုအယက်သွားခူးကြတယ်။  လက်ဖက်တွေ ပေါ်ပေမယ့် လက်ဖက်ခြောက်ဈေးက မကောင်းဘူး။ ရွှေဖီစစထွက်တဲ့အချိန်ဆိုရင် ၄ဝဝဝလောက်ရသေးတယ်။ အခုဆိုရင်တော့ ၂၅ဝဝအထိ ကျသွားတယ်။ ဝယ်တဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သိပ်ပြီး မရောင်းထွက်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတာ သူတို့ပေးတဲ့ဈေးက အရမ်းကို နည်းတယ်။ အချိန်ခဏလောက်စောင့်ပြီး လက်ဖက်ဈေးတက်လာမှရောင်းမယ်။ ကျနော်တို့က အဓိက လက်ဖက်ခြောက်ပဲ ပြုလုပ်ကြပါတယ်။ လက်ဖက်ရွက်စိမ်းကို ဒီတိုင်းရောင်းထွက်တာမျိုးတော့ မရှိသလောက်ပါဘဲ။ ပြီးတော့ လက်ဖက်စိုကိုလည်း မလုပ်ကြပါဘူး” ဟု နမ့်ခမ်းမြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြခဲ့ပါသည်။

ပလောင်တောင်သူများသည် လက်ဖက်ဈေးမကောင်းသည့်အတွက်ကြောင့် စိတ်ပျက်ပြီးဘိန်းခြံသို့ သွားရောက်အလုပ်လုပ်ကြသည်ဟု သိရှိရပါသည်။ “ကျမတို့က ဒီနှစ် လက်ဖက်တွေအထွက်နှုန်းကောင်းတယ်ဆိုပြီး ဘိန်းခြံကနေ ကမန်းကတန်း ပြန်လာကြတယ်။ ဒီရောက်တော့ကွာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ လက်ဖက်ဈေးက လုံးဝ မကောင်းဘူး။ အခုဆိုရင် ပိုဆိုးသေးတယ်။ ရွက်စိမ်းဈေးက ၃ဝဝလောက်ပဲ ရှိတယ်။ လူတစ်ယောက်မှာ လက်ဖက်ခူးတော်ရင်တောင် တစ်ရက်မှ အချိန် ၁ဝ-၁၅ပိဿာလောက်ရတယ်။ လက်ဖက်ခူးမတော်တဲ့လူဆိုရင်တော့ အချိန် ၁၀တောင် မရနိုင်ဘူး၊ လက်ဖက်ခြံမရှိတဲ့သူတွေက လက်ဖက်ခွဲခူးကြတယ်မဟုတ်လား၊  ဒုက္ခရောက်တာပေါ့။ ဘိန်းခြံပဲ အလုပ်သွားလုပ်ရင် ပိုကောင်းပါတယ်။ ကျမတို့ ဘိန်ခြံမှာသွားလုပ်တယ်ဆိုရင် တစ်ယောက်တစ်ဝက်လဲ ခွဲစရာမလိုဘူး။ လစာမကောင်းတာတောင်မှ စားဝတ်နေရေးအတွက် ဖြေရှင်းပေးနိုင်တာပေါ့။ အခုဆိုရင် လူတွေက လက်ဖက်ခြံကို ပစ်ပြီး ဘိန်းခြံမှာ အလုပ်သွားလုပ်ကုန်ကြပြီ။ လက်ဖက်တွေ ရင့်ကုန်ကြတယ်။ စိတ်ပျက်တယ်။ ဘာမှ မပြောချင်တော့ဘူး” နမ့်ဆန်မြို့နယ် ရွာခံတစ်ဦးမှ ပြောပြခဲ့ပါသည်။

ပလောင်လူမျိုးများသည် အဓိက ပင်မအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်ဖြစ်ပါသည်။ တပေါင်းလသည် မိုးစပြုရွာပြီး ရွှေဖီဦး လက်ဖက်အဖူး၊ အညွှန့်များ ဝေဝေဆာဆာ ဖူးပွင့်ကြပါသည်။ ရွှေဖီချိန်တွင် များသောအားဖြင့် လက်ဖက်ခြံပိုင်ရှင်များသည် လက်ဖက်ဈေးနှုန်း မမှီမှာ စိုးရိမ်သလို လက်ဖက်ရင့် သွားမှာကြောက်ကြပြီး ရွှေဖီဦးမတိုင်ခင်ကာလတွင် ဗမာပြည် အောက်ပိုင်းသို့ ဆင်းပြီး လက်ဖက်ခူးကူရန်အတွက် ဗမာပြည်သူများကို အကူညီတောင်းကြပါသည်။ အချို့သော လက်ဖက်ပိုင်ရှင်များသည် သီပေါနှင့် ကျောက်မဲရှိ ရှမ်းလူမျိုးများကို ခေါ်ယူလေ့ရှိပါသည်။ 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger